မုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၂၁ မိုင်အထိရှိခဲ့ပါတယ်

ဖိလစ်ပိုင်ကို ယခုနှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) တရားဝင်ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းမုန်တိုင်း Rai ဝင်ရောက်တိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်မှကျွတ်ထွက်လဲပြိုခြင်း၊ ဓာတ်တိုင်များလဲပြိုခြင်းနဲ့ ကျေးရွာများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူဦးရေ ၃၀၀,၀၀၀ ကျော် ၎င်းတို့ရဲ့နေအိမ်တွေနဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။



စူပါတိုင်ဖွန်း Rai က ဖိလစ်ပိုင်တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီး အချို့နေရာတွေမှာ ဆက်သွယ်ရေးပြတ်တောက်ကာ အဆောက်အအုံအမိုးများ လွင့်ထွက်ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းဟာ Siargao ကျွန်းကို ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) က ဝင်ရောက်တိုက်ခတ်စဥ် စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းခဲ့ပြီး အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၁ မိုင်အထိရှိခဲ့ပါတယ်။

ယနေ့မှာတော့ မုန်တိုင်းရဲ့လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၉၆ မိုင်အဖြစ် လျော့ကျသွားကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။ စူပါတိုင်ဖွန်းကြောင့် Siargao ကျွန်းမှာ အကြီးအကျယ် ပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာဌာန အကြီးအကဲ Ricardo Jalad က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၁၈ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက အစောပိုင်းမှာ အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေအနက် ၁၈,၀၀၀ ခန့်ဟာ ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) အထိ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်ကြရဆဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ကို နှစ်စဥ် ဇူလိုင်လနဲ့ အောက်တိုဘာလအတွင်း မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး စူပါတိုင်ဖွန်း Rai ဟာ ယခုနှစ် တိုင်ဖွန်းရာသီမှာ နောက်ကျတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပါတယ်။ Rai ဟာ စက်တင်ဘာလနောက်ပိုင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ဒုတိယမြောက် စူပါတိုင်ဖွန်းဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက ဖိလစ်ပိုင် လူဇွန်ကျွန်းကို Chanthu စူပါတိုင်ဖွန်း ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်း AFP က ဖော်ပြပါတယ်။

Photo: AFP, Reuters

Share

Loading Next Article...
က္က