အာဆီယံဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားရမယ့် ဖိလစ်ပိုင်အသင်းနဲ့ ပွဲစဉ်ကို ရလဒ်ကောင်းရဖို့ အလေးအနက်ထား ယှဉ်ပြိုင်မယ်လို့ မြန်မာနည်းပြချုပ် အန်တိုနီဟေးက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "ကျွန်တော်တို့အသင်းရဲ့ အနေအထားက လက်ရှိမှာ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံနေရတယ်။ ပြန်လည်တည်ဆောက်ဖို့အတွက် အချိန်ယူရပါမယ်။ အသင်းရဲ့ ဟန်ချက်ညီဖို့ အချိန်လိုပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နဲ့ နောက်ဆုံးပွဲကိုတော့ ရလဒ်ကောင်းရဖို့ အလေးအနက်ထား ယှဉ်ပြိုင်သွားပါမယ် “ လို့ အန်တွမ်နီဟေးက ဆိုပါတယ်။
Photo: AFF
ဖိလစ်ပိုင်အသင်းအနေနဲ့လည်း မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို အနိုင်ကစားဖို့ ပြင်ဆင်ထားကြောင်း နည်းပြချုပ် စတီးဝပ်ဟေးက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ “ဆူဇူကီးပြိုင်ပွဲရဲ့ ရှေ့ပွဲရလဒ်တွေကိုတော့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲကို လေးလေးစားစားနဲ့ အကောင်းဆုံး ယှဉ်ပြိုင်မှာပါ။ ပြိုင်ပွဲမှာ နိုင်ပွဲ တစ်ပွဲပဲရထားသေးတဲ့အတွက် မြန်မာနဲ့ပွဲမှာ ဒုတိယမြောက်နိုင်ပွဲရဖို့ အကောင်းဆုံး ပြင်ဆင်သွားပါမယ်။ အသင်းရဲ့ အဓိကကစားသမားအချို့ကိုတော့ အပြောင်းအလဲ လုပ်ဖို့ ရှိပါတယ်။ ယူ-၂၃ အသင်းက ရွေးချယ်ထားတဲ့ ကစားသမားတွေ နက်ဖြန်ပွဲမှာ ပေးကစားဖို့ ရှိပါတယ် “ လို့ စတီးဝပ်ဟေးက ပြောပါတယ်။
Photo: AFF
မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ဟာ မနက်ဖြန် ဒီဇင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီမှာ စင်ကာပူနိုင်ငံ ဘီရှန်အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ဟာ ဆူဇူကီး အုပ်စုပွဲစဉ် သုံးပွဲ ကစားပြီးချိန်မှာတော့ ရမှတ် ၃ မှတ်သာ ရရှိထားတဲ့အတွက် အုပ်စုနောက်တစ်ဆင့် တက်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။