မနေ့ညက ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဖီဖာအကောင်းဆုံးဆုပေးပွဲမှာတော့ ရော်နယ်ဒိုတယောက် မလေးမစားပြုလုပ်ခံခဲ့ရတယ်လို့ဆိုကာ သူ့ရဲ့ ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။ ဒီဆုပေးပွဲမှာတော့ အာဂျင်တီးနားက လွှမ်းမိုးခဲ့ပြီး မက်ဆီက အကောင်းဆုံးကစားသမားဆု၊ မာတီနက်ဇ်က အကောင်းဆုံးဂိုးသမားဆုနဲ့ စကာလိုနီက အကောင်းဆုံးနည်းပြဆု၊ အာဂျင်တီးနားပရိသတ်တွေက အကောင်းဆုံးပရိသတ်ဆုတွေကို ရရှိခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဆုပေးပွဲ ပြုလုပ်နေချိန်အတွင်း ပွဲတာဝန်ရှိသူတွေဟာ အယ်လ်နာဆာကစားသမား ရော်နယ်ဒိုကို အသင်းအရန်ခုံတန်းပေါ်မှာ ထိုင်နေရတဲ့ ဓာတ်ပုံကို ပြသခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိဘဲ ဆော်ဒီမှာသာ ရှိနေခဲ့တာ ဒီလိုမျိုး ပြုမူခံရတဲ့အပေါ် သူ့ပရိသတ်တွေက ဒေါသထွက်ကာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ပရိသတ်တဦးက "သူတို့က နောက်ထပ်တကြိမ် ရော်နယ်ဒိုကို မလေးမစားလုပ်ခဲ့တာပဲ" လို့ ရေးသားခဲ့ပြီး နောက်တဦးက "ဒါက ဖီဖာအနေနဲ့ ရော်နယ်ဒိုအပေါ် မလေးမစားလုပ်တာ ပထမဆုံးအကြိမ်မဟုတ်တော့ဘူး" လို့ ဆိုပါတယ်။ နောက်တဦးက "ဂန္ထဝင်ကစားသမားတဦးကို ဖီဖာက မလေးမစားလုပ်ခဲ့တာက ကြည့်ရတာ ဘယ်လိုမှအဆင်မပြေဘူး၊ တခြားဓာတ်ပုံတွေ သုံးလို့ရတာပဲ၊ ဘာလို့ သူ အရန်ခုံမှာ ထိုင်ရတဲ့ ပုံကို သုံးရတာလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၂ အတွင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရုန်းကန်ခဲ့ရတာ မှန်ပေမယ့်လည်း ဒီလိုပြုမူခံရဖို့အတွက် မထိုက်တန်ဘူးလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ သူ့ရဲ့ ရင်သွေးတဦးကို ဆုံးရှုံးခဲ့ရပြိး မန်ချက်စတာယူနိုက်တက်အသင်းကနေ မထွက်ခွာခင်မှာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့်လည်း အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါတယ်။
လက်ရှိမှာတော့ သူက အယ်လ်နာဆာအတွက် ၅ ပွဲကစားအပြီးမှာ ၈ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပြီး ဟက်ထရစ် ၂ကြိမ်အထိ ပါဝင်ခဲ့ပါတယ်။