မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီမှာ ကစားနေတဲ့ ဂျူနီယာရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အကယ်ဒမီကို ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ဖခင်ဖြစ်သူက ယူနိုက်တက်နဲ့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ပြီးနောက် ဂျူနီယာကပါ ယူနိုက်တက်အကယ်ဒမီနဲ့ လမ်းခွဲခဲ့ကာ သူ အရင်ကစားခဲ့ဖူးတဲ့ ရီးရဲလ်အကယ်ဒမီကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဂျူနီယာဟာ လွန်ခဲ့တဲ့ ၄ နှစ်က ရီးရဲလ်အကယ်ဒမီအတွက်ကစားခဲ့ပြီး ပွဲပေါင်း ၂၀ မှာ ဂိုးပေါင်း ၄၀ ကျော် သွင်းယူခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ချိန်မှာ သူကလည်း ဂျူဗီအကယ်ဒမီ၊ ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာ ယူနိုက်တက်အကယ်ဒမီအတွက် ကစားပေးခဲ့ပြီး အဆိုပါအသင်းတွေမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
အစောပိုင်းမှာတော့ ဂျူနီယာရော်နယ်ဒိုက ယူနိုက်တက်အသင်းကြီးအတွက် ကစားပေးနိုင်လိမ့်မယ်လို့ အားလုံးက ယူဆခဲ့ကြတာပါ။ ဒါပေမယ့် လက်ရှိအနေအထားအရတော့ ဂျူနီယာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ရီးရဲလ်မက်ဒရစ်နဲ့ပဲ စတင်ဖွယ်ရှိနေပြီး ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ကြား တင်းမာမှုတွေကြောင့် အိုးထရက်ဖို့ဒ်အတွက် ကစားပေးဖို့က မသေချာတော့ဘူးလို့ ဆိုရမှာပါ။
ရော်နယ်ဒိုရဲ့ ခြေရာကို နင်းနိုင်မယ့်သူလို့ သတ်မှတ်ခံထားရသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ သူတို့အတွက်ကစားပေးခဲ့တဲ့ နာမည်ကျော်ကစားသမားဟောင်းရဲ့ မျိုးဆက်ကိုပါ ထပ်မံပိုင်ဆိုင်ဖို့ အလားအလာကောင်းနေခဲ့ပြီဖြစ်ပါတယ်။ ဂျူနီယာကတော့ အသက် ၁၂ နှစ်အရွယ်ရှိနေပြီဖြစ်ကာ ရီးရဲလ်လူငယ်အသင်းတွေကတဆင့် အသင်းကြီးအတွက် နှစ်အနည်းငယ်အတွင်း ကစားပေးနိုင်မလား စောင့်ကြည့်ရပါတော့မယ်။