မန်ချက်စတာယူနိုက်တက်ရဲ့ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ တိုက်စစ်မှူးဟောင်းဝိန်းရွန်နီရဲ့ သားဖြစ်သူ ကိုင်ရွန်နီဟာ ဖခင်နည်းတူပဲ ယူနိုက်တက်လူငယ်အသင်းမှာ ခြေစွမ်းပြနေပြီဖြစ်ပါတယ်။ ရွန်နီဟာ ယူနိုက်တက်အတွက် ၁၃ နှစ်ကြာကစားပေးခဲ့ပြီး ၂၅၃ ဂိုးအထိ သွင်းယူပေးထားခဲ့တာလည်းဖြစ်ပါတယ်။
အခုအခါမှာ သူ့ရဲ့ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် ကိုင်ရွန်နီကလည်း ယူနိုက်တက်လူငယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားပြီး ကစားပေးနေရာမှာ ဖခင်ခြေရာကို လိုက်နင်းနေတာဖြစ်ပါတယ်။ ၂၀၂၀ ဒီဇင်ဘာမှာ သူက ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း သူ့ကို ဖခင်နည်းတူ အသင်းမှာ အောင်မြင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။
ကိုင်ရွန်နီဟာ ယူနိုက်တက် ယူ-၁၂ အသင်းအတွက် ကစားပေးခဲ့တဲ့ ပထမဆုံးရာသီမှာပဲ သွင်းဂိုးပေါင်း ၅၆ ဂိုးအထိ ရရှိခဲ့တယ်လို့သိရကာ ဂိုးဖန်တီးမှု ၂၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းမှာ သူက ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရော၊ ဖန်တီးမှုအများဆုံးကစားသမားအဖြစ်နဲ့ပါ ရပ်တည်နေနိုင်တာဖြစ်ပြီး သူ့အပေါ် အားကိုးရမယ့် အရိပ်အယောင်တွေ ရှိနေခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ခြေစွမ်းပြသမှုတွေကြောင့်ပဲ နာမည်ကျော်အားကစားကုမ္ပဏီ Puma က ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းမှာ ဖိနပ်စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကိုင်ရွန်နီးဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ တသိန်းကျော်အထိ ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ကစားသမားဘ၀နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပုံမှန်ဖော်ပြလေ့ရှိကာ ပရိသတ်တစထက်တစ တိုးပွားလာနေခဲ့တာဖြစ်ပါတယ်။
ကိုင်ရွန်နီဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ တဦးတည်း ၄ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပါသေးတယ်။ ဒါ့အပြင် မတ်လအတွင်းက ကစားခဲ့တဲ့ National Cup North ဗိုလ်လုပွဲမှာလည်း မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရခဲ့ရာမှာ တဦးတည်း ၂ဂိုးသွင်းခဲ့ပြီး အနာဂတ်မှာ သူ့ ဖခင်ဖြစ်သူထက်တောင်မှ ပိုမိုကျော်ကြားလိမ့်မယ်လို့ ယူဆနေရပါပြီ။ သူ ကိုယ်တိုင်လည်း ယူနိုက်တက်အသင်းကြီးအတွက် ကစားပေးဖို့ ဆန္ဒရှိကြောင်း ဖွင့်ဟထားပြီး ကစားခွင့်ရချိန်မှာ ဘယ်လိုတွေခြေစွမ်းပြမလဲဆိုတာက စိတ်လှုပ်ရှားစရာပါပဲ။