ရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာရော်နယ်ဒိုကတော့ သူ့အဖေရဲ့ ခြေရာကို နင်းနိုင်ဖို့အတွက် ပထမအဆင့်တခုကို ရောက်ခဲ့ပါပြီ။ အဲဒါကတော့ သူဟာ အယ်လ်နာဆာ ယူ-၁၃ အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး မကြာခင်မှာ လေ့ကျင့်ခန်းဆင်းတော့မယ်လို့ နာမည်ကြီးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့တာပါပဲ။
ဒါ့အပြင် သူက နံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရမယ်လို့်လည်း ဆိုပါတယ်။ အယ်လ်နာဆာအကယ်ဒမီနဲ့ ပူးပေါင်းထားတဲ့ ဂျူနီယာက အခု သက်တမ်းအလိုက်အသင်းမှာ ပါဝင်မှာဖြစ်ပြီး ပရိုကစားသမားဘ၀အဆင့်ကို လျင်လျင်မြန်မြန် ရောက်ရှိမလားလို့လည်း ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါပြီ။
ဘာစီလိုနာမှာ လူငယ်ကြယ်ပွင့်လေး လာမိုင်းယာမယ်လ်က အသက် ၁၆ နှစ်လေးနဲ့ ပွဲထွက်ကစားခွင့်တွေ ရနေတာပါ။ ဂျူနီယာအနေနဲ့လည်း စွမ်းဆောင်ရည်ကောင်းကောင်းပြနိုင်မယ်ဆိုရင် လာမယ့် ၂ နှစ်အတွင်းမှာ အသင်းကြီးအတွက် ကစားခွင့်ရနိုင်တယ်လို့ ပရိသတ်တွေက သုံးသပ်နေပါတယ်။ ဒါက တကယ်ဖြစ်လာမလားဆိုတာ စောင့်မျှော်ရမှာပါ။