ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်မှာ ယနေ့ (အောက်တိုဘာ ၇ ရက်) မနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ငလျင်ကြောင့် သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်ကြောင်းနဲ့ အဆောက်အအုံများ ပြိုကျခဲ့စဥ် လူအများအပြား သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ သေဆုံးသူတွေအနက် အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ US Geological Survey က ထုတ်ပြန်ထားမှုအရ ငလျင်ရဲ့ပြင်းအားဟာ ရစ်ချ်တာစကေး ၅.၉ ဖြစ်ပြီး မြေအောက်အနက် ၅.၆ မိုင်မှာ လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။
(Photo: EPA)
နောက်ဆက်တွဲငလျင်တွေကြောင့်လည်း နောက်ထပ် ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပါတယ်။ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက BBC Urdu သတင်းဌာနကို ပြောကြားမှုအရ ငလျင်လှုပ်မှုအတွင်း အနည်းဆုံး လူ ၁၅၀ ဒဏ်ရာရခဲ့တယ်လို့ ယူဆကြောင်းနဲ့ ဒဏ်ရာပြင်းထန်သူတွေကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဒဏ်ရာရသူအချို့ကိုတော့ လူနာထမ်းစင်တွေပေါ်မှာတင်ပြီး မိုဘိုင်းဖုန်းဓာတ်မီးတွေသုံးကာ ကုသပေးနေခဲ့ကြောင်း Reuters က ဖော်ပြပါတယ်။ ငလျင်လှုပ်မှုကြောင့် ရွှံ့နဲ့ဆောက်လုပ်ထားတဲ့ နေအိမ် ၁၀၀ ကျော် ပြိုကျခဲ့ပြီး အဆောက်အအုံ အများအပြား ပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ လူဦးရေ ရာပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးက Reuters ကို ပြောပါတယ်။
(Photo: EPA)
ငလျင်လှုပ်ပြီးနောက် ဘလူချီစတန်ပြည်နယ်မြို့တော် Quetta မှာ မြို့ခံတွေ လမ်းမများပေါ် ထွက်နေခဲ့ကြတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ တွေ့ရပါတယ်။ ငလျင်ကြောင့် Harnai ခရိုင်မှာ အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ Harnai ခရိုင်ဟာ ပြည်နယ်မြို့တော် Quetta ရဲ့ အရှေ့ဘက်မှာတည်ရှိပြီး ငလျင်လှုပ်မှုများအတွင်း ပြိုကျနိုင်တဲ့ ကျောက်မီးသွေးတွင်း အများအပြားရှိနေပါတယ်။