ဒေါက်တာခန်းဟာ COVID-19 ကူးစက်ခံကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဩဂုတ် ၂၆ ရက်နေ့မှာ ဆေးရုံတက်ခဲ့ပါတယ်

ပါကစ္စတန်နိုင်ငံရဲ့ နျူကလီးယားဗုံး ဖခင်ကြီးလို့ သိမှတ်ထားကြတဲ့ အသက် ၈၅ နှစ်အရွယ် ဒေါက်တာအဗ္ဗဒူလ်ကာဒီယာခန်းဟာ COVID-19 ကပ်ရောဂါနဲ့ ဆေးရုံတက်ကုသမှုခံယူနေခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၁၀ ရက်) ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဒေါက်တာခန်းဟာ ပါကစ္စတန်ကို နျူကလီးယားပိုင်ဆိုင်တဲ့ ကမ္ဘာ့ပထမဆုံး အစ္စလာမ်မစ်နိုင်ငံဖြစ်စေခဲ့မှုအတွက် နိုင်ငံ့သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုခံရသူ ဖြစ်ပါတယ်။ သို့သော် ၎င်းဟာ ပါကစ္စတန်ရဲ့ နျူကလီးယားလျှို့ဝှက်ချက်တွေကို မြောက်ကိုရီးယားနဲ့ အီရန်အပါအဝင် နိုင်ငံများသို့ တရားမဝင် ပေးအပ်မှုအတွက်လည်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပါတယ်။



ဝန်ကြီးချုပ် အမ်မရန်ခန်းက ဒေါက်တာခန်း ကွယ်လွန်မှုဟာ နိုင်ငံ့ပြယုဂ်တစ်ခုကို ဆုံးရှုံးရခြင်းလို့ ဆိုပါတယ်။ "သူဟာ ကျွန်တော်တို့ကို နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်အောင် လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ကျွန်တော်တို့နိုင်ငံက အမြဲတမ်း ချစ်ခင်ရသူပါ" လို့ ဝန်ကြီးချုပ်ခန်းက ပြောပါတယ်။

(Photo: Aaj.TV)

ဒေါက်တာခန်းဟာ COVID-19 ကူးစက်ခံကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဩဂုတ် ၂၆ ရက်နေ့က Research Laboratories ဆေးရုံမှာ တက်ရောက်ခဲ့ပါတယ်။ ထို့နောက် Rawalpindi မြို့ရှိ စစ်ဆေးရုံတစ်ရုံသို့ ရွှေ့ပြောင်းကုသခဲ့တယ်လို့ ပါကစ္စတန်အစိုးရသတင်းက ပြောပါတယ်။

အေကျူခန်း (AQ Khan) လို့ အများကသိကြတဲ့ သိပ္ပံပညာရှင် ဒေါက်တာခန်းဟာ ပါကစ္စတန်ရဲ့ ပထမဆုံး နျူကလီးယားသန့်စင်စက်ရုံကို အစ္စလာမ်မာဘတ်မြို့အနီး Kahuta မြို့မှာ တည်ဆောက်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ပါကစ္စတန်က ပထမဆုံး နျူကလီးယားစမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံက အလားတူ စမ်းသပ်မှုလုပ်ဆောင်ခဲ့ပြီး မကြာမီမှာပင် ပါကစ္စတန်ကလည်း နျူကလီးယားစမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာခန်းရဲ့ အကူအညီနဲ့အတူ ပါကစ္စတန်ဟာ ကမ္ဘာမှာ သတ္တမမြောက် နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပြီး အမျိုးသားအောင်ပွဲအဖြစ် ဂုဏ်ယူခဲ့ကြပါတယ်။

သို့သော် ဒေါက်တာခန်းဟာ နျူကလီးယားနည်းပညာကို အီရန်၊ လစ်ဗျားနဲ့ မြောက်ကိုရီးယား နိုင်ငံများနဲ့ တရားမဝင် မျှဝေခဲ့မှုဖြင့် ၂၀၀၄ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒေါက်တာခန်းက နျူကလီးယားလျှို့ဝှက်ချက်တွေကို အခြားနိုင်ငံများသို့ ပေးအပ်ခဲ့မှုက ပါကစ္စတန်ကို အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။

ဒေါက်တာခန်းက ထိုလုပ်ရပ်အတွက် နိုင်ငံကို ရုပ်မြင်သံကြားမှတစ်ဆင့် အလွန်နောင်တရကြောင်းနဲ့ လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ ထိုစဥ်က ပါကစ္စတန်သမ္မတဖြစ်သူ ပါဗက်ဇ်မူရှာရက်ဖ်က ဒေါက်တာခန်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်အထိ နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က