ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ ရှေ့နေအုပ်စုနဲ့ ဆရာဝန်အုပ်စုကြား အပြင်းအထန် အငြင်းပွားမှုအတွင်း ရာနဲ့ချီ အရေအတွက်ရှိတဲ့ ရှေ့နေတွေက ဆေးရုံတစ်ရုံကို တိုက်ခိုက်ခဲ့ရာ လူနာသုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
ဗီဒီယိုမှတ်တမ်းတစ်ခုအရ ရှေ့နေအုပ်စုက နှလုံးရောဂါကုဆေးရုံအတွင်း ဝင်ရောက်မွှေနှောက်ပြီး ဝန်ထမ်းတွေကို ရိုက်နှက်ကာ ပစ္စည်းများကို ဖျက်ဆီးခဲ့တာ တွေ့ရပါတယ်။ ထိုသို့ဖြစ်ပွားနေစဥ် ဆရာဝန်တွေနဲ့ ဆေးဘက်အကူတွေက ပုန်းနေခဲ့ကြပြီး သေရေးရှင်ရေး အခြေအနေဖြစ်နေတဲ့သူတွေ အပါအဝင် လူနာတွေကို ဂရုမစိုက်ဘဲထားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆေးရုံသို့ရောက်ရှိလာပြီး မျက်ရည်ယိုဗုံးဖြင့်ပစ်ကာ ရှေ့နေအုပ်စုကို လူစုခွဲခဲ့ပါတယ်။ နှစ်နာရီကျော်ကြာပြီးနောက် ဆေးရုံအခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ရှေ့နေ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
(Photo: EPA)
ရှေ့နေတွေက ပြီးခဲ့တဲ့လအတွင်း ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ မိခင်ကို အဆိုပါ ဆေးရုံမှ ဆေးဘက်ဝန်ထမ်းအချို့က မှားယွင်းကုသခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ သို့သော် ဆေးရုံမှ ဆရာဝန်တစ်ဦးက ရှေ့နေတွေကို ရှေ့နေတွေကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ရာမှ ရှေ့နေအုပ်စုက အကြမ်းဖက်မှုတွေ လုပ်ဆောင်လာခဲ့ပုံရတယ်လို့ ဆိုပါတယ်။
ဆေးရုံအုပ်ချုပ်မှုအဖွဲ့ရဲ့ အဆိုအရ တုတ်များကိုင်ဆောင်ထားတဲ့ ရှေ့နေ ၂၀၀ ကျော်က လာဟိုးမြို့ရှိ Punjab Institute of Cardiology (PIC) ဆေးရုံကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၁ ရက်) နေ့လယ်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ရှေ့နေတွေက ဆေးရုံလုံခြုံရေးကို အင်အားသုံးဖြတ်ကျော်ခဲ့ပြီးနောက် အုပ်စုနှစ်ခုခွဲကာ ဌာနများနဲ့ လူနာဆောင်များကို တိုက်ခိုက်ခဲ့ကြပါတယ်။
(Photo: EPA)
ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ ရှေ့နေတွေက ဆေးရုံသုံးပစ္စည်းတွေနဲ့ ပြတင်းပေါက်တွေကို ရိုက်ခွဲဖျက်ဆီးကြပြီး ပန်ဂျပ်ပြည်နယ် ပြန်ကြားရေးဝန်ကြီး Fayazul Hasan Chauhan အပါအဝင် ဆေးရုံဝန်ထမ်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ရိုက်နှက်ခဲ့ကြတာ တွေ့ရပါတယ်။
ပြန်ကြားရေးဝန်ကြီးက အခြေအနေကို ထိန်းသိမ်းရန်အတွက် ဆေးရုံကိုရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ရှေ့နေအုပ်စုက သူနာပြုအဆောင်ကိုလည်း စီးနင်းဝင်ရောက်ခဲ့ကြပြီး ပရိဘောဂပစ္စည်းတွေကို ဖျက်ဆီးပြီး ဝန်ထမ်းအချို့ကို ရိုက်နှက်ခဲ့ကြကြောင်း PIC ဆေးရုံက ပြောပါတယ်။ ရှေ့နေတွေက ဆေးရုံအပြင်ဘက်မှာရပ်ထားတဲ့ ကားအချို့ကို ဖျက်ဆီးခဲ့ပြီး ရဲတပ်ဖွဲ့ကားတစ်စီးကို မီးရှိုခဲ့ကြပါတယ်။
(Photo: Reuters)
အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရောက်ရှိချိန်မှာ ဆန္ဒပြရှေ့နေအချို့က လေထဲသို့ သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံသတင်းရင်းမြစ်တွေက ပြောကြားမှုအရ အမျိုးသမီး လူနာတစ်ဦးနဲ့ အမျိုးသားလူနာနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်ဖြစ်စဥ်အတွင်း အဆိုပါ လူနာတွေကို ဆရာဝန်တွေက ဂရုမစိုက်နိုင်တာကြောင့် သေဆုံးခဲ့ကြတယ်လို့ ဆေးရုံက ပြောပါတယ်။
သေဆုံးခဲ့သူတွေအနက် အမျိုးသမီးလူနာဟာ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေရသူ ဖြစ်ပါတယ်။ အခြေအနေဆိုးရွားလာတာကြောင့် နောက်ဆုံးမှာ အင်အားသုံးဖြိုခွင်းခဲ့ပြီး ရှေ့နေများ ဒဏ်ရာရခဲ့ပါတယ်။ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ထုတ်ပြန်မှုအရ ရှေ့နေ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရှေ့နေ ၂၅၀ ခန့်ကို အကြမ်းဖက်မှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။
(Photo: Reuters)
လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ မိခင်ကို PIC ဆေးရုံက မှားယွင်းကုသခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ငယ်ရွယ်တဲ့ရှေ့နေများကြား နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းက ဒေါသထွက်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထို့နောက် ရှေ့နေခြောက်ဦးက ၎င်းတို့ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အတူ ဆေးရုံကိုသွားရောက်ခဲ့ရာမှ ဆေးရုံဝန်ထမ်းနဲ့ တာဝန်ကျ ဆရာဝန်တစ်ဦးတို့နဲ့ အငြင်းအခုံဖြစ်ခဲ့ကြပြီးနောက် အပြန်အလှန် ထိုးကြိတ်ကာ ရန်ပွဲဖြစ်ခဲ့ကြပါတယ်။
ထိုစဥ်က လူအင်အားများတဲ့ ဆေးရုံဝန်ထမ်းတွေဘက်က အသာရခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး နှစ်ဖက်လုံးက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပေမဲ့ ဖမ်းဆီးမှုမရှိခဲ့ပါဘူး။ ထိုအခြေအနေမှ အစပြုကာ ယမန်နေ့မှာတော့ ရှေ့နေအုပ်စုက PIC ဆေးရုံကို စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။