တရားစီရင်ရေးလုပ်ငန်းစဥ်ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကြေညာကာ ပယ်ဖျက်လိုက်ပါတယ်။

ပါကစ္စတန်တရားရုံးတစ်ရုံးက စစ်အစိုးရခေါင်းဆောင်ဟောင်းနဲ့ သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို သေဒဏ်ချမှတ်ထားမှုနဲ့ ပတ်သက်ပြီး တရားစီရင်ရေးလုပ်ငန်းစဥ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကြေညာကာ ပယ်ဖျက်လိုက်ပါတယ်။

(Photo: AP)

ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်က ၎င်းကို ယမန်နှစ် ဒီဇင်ဘာလအတွင်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ထားခဲ့တဲ့ အထူးခုံရုံးဖွဲ့စည်းမှုအပေါ် ကန့်ကွက်အရေးဆိုခဲ့ပြီး သေဒဏ်ကိုပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ပါတယ်။ ယနေ့ (ဇန်နဝါရီ ၁၃ ရက်) မှာတော့ လာဟိုးတရားရုံးက နိုင်ငံမှထွက်ခွာသွားခဲ့သူ ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်ရဲ့ လျှောက်ထားမှုကို လက်ခံလိုက်ပြီး သေဒဏ်အမိန့်ကို ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။


ယခု တရားရုံးဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်ဟာ လွတ်လပ်သူတစ်ဦး ဖြစ်သွားခဲ့ပြီလို့ ရှေနေတစ်ဦးကပြောကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ မူရှာရက်ဖ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက နိုင်ငံမှထွက်ခွာသွားခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့မှာ ရောက်ရှိနေခဲ့ပါတယ်။

(Photo: Reuters)

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားမှုအား ၂၀၁၆ ခုနှစ်မှာ ရုပ်သိမ်းပေးခဲ့ပြီးနောက် ၎င်းဟာ ဒူဘိုင်းကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်မှစပြီး ပါကစ္စတန်တရားရုံးက ဆင့်ခေါ်မှုများ ပြုလုပ်ခဲ့ပေမဲ့ နိုင်ငံသို့ ပြန်လာခြင်းမရှိတော့ကြောင်း သိရပါတယ်။

၎င်းကို နိုင်ငံမှထွက်ခွာသွားနိုင်ရန် ဩဇာကြီးမားတဲ့ ပါကစ္စတန်စစ်တပ်က ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်ဟာ ၁၉၉၉ ခုနှစ်မှာ စစ်အာဏာသိမ်းမှုဖြင့် အာဏာရလာခဲ့ပြီး နောက်ပိုင်းမှာ ၁၀ ယောက်မြောက် ပါကစ္စတန်သမ္မတအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။

(Photo: APML)

မူရှာရက်ဖ်ဟာ ပါကစ္စတန်မှာ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံရတဲ့ ပထမဆုံး စစ်တပ်အကြီးအကဲဟောင်းလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မူရှာရက်ဖ်က သမ္မတအဖြစ် ဆောင်ရွက်ခဲ့စဥ်အတွင်း ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလအထိ အခြေခံဥပဒေကို ဆိုင်းငံ့လိုက်ပြီး အရေးပေါ်အခြေအနေ ပြဌာန်းကာ ၎င်းရဲ့ သမ္မတရာထူးသက်တမ်းကို တိုးချဲ့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။ မူရှာရက်ဖ်ဟာ All Pakistan Muslim League (APML) ပါတီကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က