မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဟာ ဒီရာသီမှာ ဖလားလေးလုံးသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ကစားသမားတဦးချင်းစီကို အပိုဆုကြေးငွေ ပေါင် ၅ သိန်းနီးပါးအထိ ရရှိမယ်လို့ ဆိုါပတယ်။ မားကပ်စ်ရှက်ရှ်ဖို့ဒ်၊ ကက်စ်မဲရိုးတို့လို ကစားသမားတွေကတော့ ကာရာဘောင်ဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက် ပေါင် ၆၅၀၀၀ စီ ရရှိခဲ့ပြီးဖြစ်ပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပေါင် ၈၅၀၀၀ စီ ရရှိမှာဖြစ်ပြီး ယူနိုက်တက်ဟာ အက်ဖ်အေဖလားကွာတားဖိုင်နယ် နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ရောက်ရှိနေပြီးဖြစ်ပါတယ်။ ဆုကြေးငွေ အများဆုံးရရှိမှာကတော့ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရင် တဦးကို ပေါင် ၂၅၀၀၀၀ စီရရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ သူတို့ဟာ အာဆင်နယ်ထက် ၁၁ မှတ်လျော့နည်းနေကာ မျှော်လင့်ချက်က အနည်းငယ်သာရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားဘဲ ဖလားလေးလုံးစလုံးရယူနိုင်ခဲ့မယ်ဆိုရင်တော့ ကစားသမားတဦးချင်းစီက ဆုကြေးငွေ ပေါင် ၄၈၅၀၀၀ စီ ခံစားရမှာဖြစ်ကာ များပြားလှတဲ့ ပမာဏပဲဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့ တခုတည်းသော ပရီးမီးယားလိဂ်အသင်းဖြစ်နေပြီး အဲရစ်တန်ဟက်ဂျ်လက်အောက်မှာ ဒီလိုအခြေအနေမျိုးကို တခဏလေးအတွင်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့လည်း ရေပန်းစားနေပြီး အက်ဖ်အေဖလားပွဲမှာတော့ မန်စီးတီးပြီးရင် ဒုတိယမြောက် ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။
ပရီးမီးယားလိဂ်မှာတော့ သူတို့အတွက် မျှော်လင့်ချက်အနည်းငယ်သာရှိကာ အာဆင်နယ်နဲ့ မန်စီးတီးတို့ ခြေချော်ခဲ့မယ်၊ အဲဒါကိုမှ အခွင့်ကောင်းယူနိုင်မယ်ဆိုရင်တော့ မျှော်လင့်ချက်တွေ များပြားလာဖွယ်ရာရှိပါတယ်။ လက်ရှိမှာ ယူနိုက်တက်က လာမယ့်ပွဲအဖြစ် လီဗာပူးလ်နဲ့ ကစားရမှာဖြစ်ပြီး အရေးပါတဲ့ ပွဲစဉ်တပွဲအဖြစ်ရှိနေပါတယ်။