ရီးရဲလ်ဆိုဆီဒက်ကို ဂိုးပြတ်အနိုင်မရခဲ့တာကြောင့် အုပ်စုဒုတိယနေရာသာ ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခြင်းမရှိဘဲ ချန်ပီယံလိဂ်က ပြုတ်လာတဲ့ အသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ ပွဲစဉ်တပွဲကို ရင်ဆိုင်ရဖွယ်ရှိတဲ့ အနေအထားဖြစ်ပြီး အခန့်မသင့်ရင် စောစောစီးစီးပဲ ဥရောပပွဲတွေကို နှုတ်ဆက်ရနိုင်တာလည်းဖြစ်ပါတယ်။
ချန်ပီယံလိဂ်အုပ်စုတွေမှာ တတိယနေရာရရှိခဲ့ကြတဲ့ ဘာစီလိုနာ၊ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ စပို့တင်း၊ လေဗာကူဆင်တို့လို အသင်းကောင်းတွေကို ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဆိုဆီဒက်ကို ၂-၀၊ ၃-၀ လောက်နဲ့သာ အနိုင်ရခဲ့မယ်ဆိုရင် ဒီအဆင့်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် လိုအပ်တဲ့သွင်းဂိုးတွေ ထပ်မသွင်းနိုင်ခဲ့လို့ ပွဲပိုသဘောကစားရဖို့ ဖြစ်လာခဲ့တာပါ။
ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကတော့ ဒီလိုမျိုးရင်ဆိုင်ရမယ့်အပေါ်မှာ "ဒီလိုနေရာကို ရောက်လာချိန်မှာ ဒါတွေကို ကျနော်တို့ တွေးတောနေလို့ မရပါဘူး၊ အခုမဟုတ်လည်း နောက်အဆင့်တွေ၊ အဆင့်တွေမှာ ကျနော်တို့ တွေ့ရမှာပဲလေ၊ အဲဒီတော့ ဒီဆုဖလားကို ရယူချင်တယ်ဆိုရင် ဒီလိုအသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာပါပဲ၊ အနိုင်ရအောင်လည်း ကစားရမှာပါပဲ၊ ဒါက ပြသနာတခုမဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အတွက်တော့ ပွဲကျပ်တွေကို ရင်ဆိုင်ရဖွယ်ရာ ရှိနေတာဖြစ်ပြီး ဖာနန်ဒက်စ်ပြောသလောက်တော့ လွယ်ကူမှာမဟုတ်တာ သေချာပါတယ်။ တန်ဟက်ဂျ်ရဲ့အသင်းဟာ ယူရိုပါလိဂ်အဖွင့်ပွဲကို အရေးနိမ့်ပြီး ၅ ပွဲဆက်တိုက်အနိုင်ရခဲ့ကာ ပေးဂိုးမရှိပွဲတွေကိုပါ ပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးကွာခြားချက်အသာစီးမရတာကြောင့် အုပ်စုတွင်းဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။