ဖရိုင်းဘတ်ကို အိမ်ကွင်းမှာ ၅-၁ နဲ့ အနိုင်ရရှိခဲ့တာပါ။

ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်နဲ့ ၆ မှတ်သာ ကွာဟတော့တဲ့ ဒေါ့မွန်ဟာ ဖရိုင်းဘတ်ကို လက်ခံကစားခဲ့တဲ့ မနေ့ကပွဲမှာ ဂိုးပြတ်အနိုင်ယူပြီး ထပ်မံဖိအားတွေပေးလိုက်ပါတယ်။ ၅-၁ နဲ့ ဒေါ့မွန်တို့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါ ဒုတိယရာသီဝက်မှာ ဘိုင်ယန်တို့ လွယ်လွယ်နဲ့ သွားလို့ရမှာမဟုတ်ဘူးလို့ သတိပေးလိုက်တာဖြစ်ပြီး ဘိုင်ယန်မကစားခင်မှာ ၃ မှတ်အကွာအနေအထားဖြစ်လာခဲ့ပါတယ်။ 

သောမတ်စ်မူနီယာနဲ့ ဟာလန်းတို့က ၂ ဂိုးစီသွင်းယူပေးခဲ့ကာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့အဖိုးတန်အနိုင်ဂိုးရှင်ဒါဟွတ်က နောက်ထပ်တဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဖရိုင်းဘတ်တို့ အဝေးကွင်းမှာ ဒေါ့မွန်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပြီး ဘိုင်ယန်ကတော့ ဒီနေ့ကစားရမယ့် ကိုလုံးနဲ့ပွဲကို မဖြစ်မနေအနိုင်ရအောင် ကစားရတော့မှာဖြစ်ပါတယ်။ 


ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းကတော့ ဒီရာသီဘွန်ဒက်လီဂါအိမ်ကွင်းပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဖရန့်ဖတ်၊ ဟော်ဖန်ဟိမ်း၊ ယူနီယံဘာလင်၊ မိန့်ဇ်၊ ဘိုင်ယန်မြူးနစ်၊ ဘက်ဆီးတပ်စ်၊ ဂရူသာဖက်စ်၊ ဖရိုင်းဘတ်တို့နဲ့ပွဲတွေမှာ စုစုပေါင်း ၁၃ ဂိုးအထိ နော်ဝေတိုက်စစ်မှူးက ရရှိခဲ့ပြီး သူ့ရဲ့ခြေစွမ်းအမှန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ 


ဒီရာသီဘွန်ဒက်လီဂါကတော့ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ အားပြိုင်မှုကိုပဲ​ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တတိယနေရာက ဟော့ဖန်ဟိမ်းက ဒေါ့မွန်နဲ့တောင် ၉ မှတ်အထိ ပြတ်တောက်နေပြီဖြစ်ကာ တစုံတရာဖိအားပေးနိုင်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။ ဒေါ့မွန်သာ ခြေချော်လက်ချော်မဖြစ်ခဲ့ဘူးဆိုရင်တော့ ရာသီကုန်မယ့်အချိန်ထိ အသင်းနှစ်သင်းအားပြိုင်မှုက အကြိတ်အနယ်ဖြစ်လာဖို့လည်း ရှိနေပါတယ်။ 

Share

Loading Next Article...
က္က