အာဆင်နယ်ပရိသတ်တွေဟာ ရာသီသိမ်းခါနီးမှ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့အပေါ် နာမည်ကျော် တစ်ယောက်ဖြစ်တဲ့ Kim Kardashian ကို ဝိုင်းဝန်းပြစ်တင်ဝေဖန်နေကြတယ်လို့ သိရှိရပါတယ်။ အာဆင်နယ်ဟာ ဒီတစ်ရာသီလုံးနီးပါး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရာသီသိမ်း ပန်းဝင်ချိန် နီးကပ်လာတာနဲ့အမျှ အာဆင်နယ်ရဲ့ ရလဒ်ပိုင်းတွေက ဆိုးရွားလာခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်ခွင့်နဲ့အတူ ချန်ပီယံဆုကိုပါ မန်စီးတီးလက်ထဲ ထိုးအပ်လိုက်ရတာပါ။ ဒါဟာ Kim ကြောင့်ဖြစ်တယ်လို့ အာဆင်နယ်ပရိသတ်အချို့က ဝေဖန်ပြောဆိုနေကြတာပါ။
Kim ဟာ အာဆင်နယ်ရဲ့ အဓိကနောက်ခံလူ ဆာလီဘာ ဒဏ်ရာရရှိသွားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်ပွဲစဥ်မှာ အာဆင်နယ်ကို လာရောက်အားပေးခဲ့ပါတယ်။ သူဟာ သူ့ရဲ့နာမည်နဲ့ ကျောနံပါတ် (၁) ပါ အာဆင်နယ်ဂျာစီတစ်ထည်ကိုလည်း ကိုင်ဆောင်ထားခဲ့ပြီး ဒီလိုမျိုး Kim ရဲ့ အာဆင်နယ်ကို လာရောက်အားပေးမှုက အသင်းရဲ့ ကံဆိုးမိုးမှောင်ကျမှုကို အစပြုစေခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။
အဲ့ဒီပွဲမှာ အဓိကနောက်ခံလူ ဆာလီဘာ ဒဏ်ရာရရှိခဲ့သလို အာဆင်နယ်ကလည်း ရာသီနှောင်းပိုင်း ပွဲစဥ်တွေမှာ ခံစစ်ပိုင်း အားနည်းချက်တွေ၊ အမှားအယွင်းတွေနဲ့ ပြိုင်ဘက်တွေကို သွင်းဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက “အာဆင်နယ်ရဲ့ ဒီကျဆင်းမှုအတွက် Kim ကိုပဲ အပြစ်တင်ရမှာ” “အဲ့ဒီနေ့ကသာ Kim မရှိခဲ့ရင် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်နေလောက်ပြီ”
“အမ်းမရိတ်စ်ကွင်းကို Kim လာလည်တဲ့နေ့ကစလို့ အာဆင်နယ်ရဲ့ ကျဆင်းမှုက အစပြုခဲ့တာပါ။ သူ့ကို ခွင့်မလွှတ်နိုင်ပါဘူး” လို့ အမျိုးမျိုး မှတ်ချက်ပြုနေကြပါတယ်။ Kim လာရောက်ကြည့်ရှုခဲ့တဲ့ အဆိုပါ ယူရိုပါလိဂ်ပွဲမှာလည်း အာဆင်နယ်တို့ အိမ်ကွင်းမှာ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။