ဟယ်ရီကိန်းကို ချီးကျူးခဲ့တာပါ။

အင်္ဂလန်နဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်းနီက အင်္ဂလန်ရဲ့ လက်ရှိအသင်းခေါင်းဆောင် ဟယ်ရီကိန်းက အင်္ဂလန်အတွက် အကြီးကျယ် အခမ်းနားဆုံး ကစားသမားဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ အင်္ဂလန်မှာ (၂၀၁၅) ခုနှစ်က စတင် ရွေးချယ်ခံခဲ့ရတာပါ။



အဲ့ဒီကနေ အခုချိန်အထိ ဟယ်ရီကိန်းက အင်္ဂလန်အတွက် နိုင်ငံတကာပွဲ (၈၉) ပွဲကစား၊ သွင်းဂိုး (၆၂) ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ လာမယ့် ယူရို - ၂၀၂၄ ဂျာမနီပြိုင်ပွဲမှာလည်း ဟယ်ရီကိန်းက အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်သွားဦးမှာပါ။

ဟယ်ရီကိန်းနဲ့ပတ်သက်လို့ ရွန်းနီက “ကျွန်တော့်အထင် ဟယ်ရီကိန်းက အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားပါ။ သူ သွင်းယူခဲ့တဲ့ ဂိုးတွေ၊ နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ ဖန်တီးမှုတွေကြောင့် သူက အင်္ဂလန်ရဲ့ အကြီးကျယ်အခမ်းနားဆုံး ကစားသမားဖြစ်တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်”

“သူက အမြဲတမ်း ပရော်ဖက်ရှင်နယ်ဆန်ပြီး အသင်းရဲ့ပွဲတွေကို လွဲချော်တာမျိုး မရှိပါဘူး။ ဒါမျိုးက ဘယ်လင်ဟမ်၊ ဖိုဒန်တို့လို ကစားသမားတွေဆီမှာလည်း မြင်တွေ့ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ တစ်ဦးချင်းအရ ဂိုးသွင်းစံချိန် မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် အသင်းလိုက် အောင်မြင်မှုနဲ့တော့ ဝေးကွာနေဆဲပါ။

စပါးမှာ ဖလားမရလို့ ဘိုင်ယန်မြူးနစ်ကို ပြောင်းသွားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်ကလည်း အောင်မြင်မှုတွေနဲ့ လွဲချော်နေဆဲဖြစ်ပြီး ယူရို - ၂၀၂၂ တုန်းကလည်း ဗိုလ်လုပွဲမှာ အီတလီကို ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က