ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးအပြီး တူဟယ်လ်က ပြောကြားလာခဲ့တာပါ။

မနေ့ညက ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ချဲလ်ဆီးကို လူတိုင်းက မနာလို သဝန်တိုဖြစ်နေကြပြီလို့ နည်းပြ သောမတ်စ်တူဟယ်လ်ကပြောပါတယ်။ ချဲလ်ဆီးဟာ ဘရာဇီးကလပ် ပါးလ်မီးရပ်စ်ကို အချိန်ပိုမှာ ကိုင်ဟာဗက်ဇ်ရဲ့ နောက်ကျပင်နယ်တီနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။



 

သောမတ်စ်တူဟယ်လ်အတွက်တော့ ချဲလ်ဆီးကို ရောက်ပြီး တနှစ်အတွင်းမှာပဲ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးစေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဘောလုံးရာသီမှာလည်း ချဲလ်ဆီးက ကာရာဘောင်ဖလား ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ထားသလို အက်ဖ်အေဖလားမှာလည်း ဆက်လက်ယှဥ်ပြိုင်ခွင့်ရရှိနေဆဲဖြစ်ပါတယ်။

 

ဒီလိုအချိန်မျိုးမှာ သောမတ်စ်တူဟယ်လ်က “ကျနော်တို့ အဝတ်လဲခန်းထဲမှာ ဒါက ဘယ်လောက်တောင် ကောင်းတဲ့ အခွင့်အရေးလဲပေါ့။ အခုဆို လူတိုင်းက ငါတို့ကို မနာလိုဖြစ်နေကြပြီလို့တောင် ပြောဖြစ်ခဲ့ပါသေးတယ်။ ကစားသမားတွေအတွက် ကျနော်တို့ ဒီလိုဗိုလ်လုပွဲမျိုးတွေကို အိပ်မက်မက်ခဲ့ပါတယ်။ ဒါက တကယ့်ကို စပါယ်ရှယ်ဖြစ်ပြီး ဘာနောင်တမှမရဘဲ ကစားချင်ပါတယ်”

 

“ခင်ဗျားက နောက်ကျမှအနိုင်ဂိုးသွင်းတယ်ဆိုရင် ဒီအတွက် ခင်ဗျားတို့ ကံကောင်းဖို့ လိုအပ်တာပေါ့။ ကျနော်တို့က မဆုတ်မနစ်ကြိုးစားခဲ့တယ်၊ မရပ်တန့်ခဲ့ဘူး၊ အရှုံးမပေးခဲ့ပါဘူး။ ကျနော်တို့ ဦးဆောင်နိုင်ခဲ့တယ်၊ ချေပဂိုးလည်း ပြန်ပေးလိုက်ရတယ်၊ ဒါပေမယ့် တိုက်စစ်ဆင်တာကို မရပ်တန့်ခဲ့ပါဘူး”

 

“ဒီတော့ ကျနော်တို့က ချန်ပီယံဖြစ်ဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် နောက်ကျမှ အနိုင်ဂိုးသွင်းတာကတော့ ကံကောင်းလို့ပေါ့” လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် ဖေဖော်ဝါရီ (၂၇) မှာလည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် လီဗာပူးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒီပွဲမှာရော ချဲလ်ဆီးတို့ ထပ်မံအောင်ပွဲခံနိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က