မန်စီးတီးဟာ စနေနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒီရာသီအတွက် ဆုဖလားသုံးလုံးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ မန်စီးတီးတို့ ပြည်တွင်းမှာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကို သိမ်းပိုက်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။
အခု ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့တာက အင်္ဂလန်ကလပ်တွေထဲမှာ ဒုတိယမြောက် အသင်းအဖြစ် စွမ်းဆောင်နိုင်တဲ့ မှတ်တမ်းကို ရရှိခဲ့ပါတယ်။ မန်စီးတီးသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဂွါဒီယိုလာကလည်း ဘောလုံးသမိုင်းတစ်လျှောက်မှာ ဆုဖလား သုံးလုံးကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။
ဒီလိုမျိုး အောင်မြင်မှုတွေရရှိခဲ့တဲ့နောက် မန်စီးတီးတို့ စံချိန်တင် အပိုဆုကြေးငွေပမာဏကိုပါ ထပ်မံရရှိတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ချိန်မှာပဲ မန်စီးတီးတို့ ပေါင် (၉၅) သန်းကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်တစ်ရာသီလုံးစာ ဆုကြေးငွေတွေကိုပါ ထည့်သွင်းတွက်ချက်လိုက်မယ်ဆိုရင် ဒီဆုကြေးက ပေါင်သန်း (၂၈၀) အထိ ရှိလာမှာပါ။
ဒါ့အပြင် ပရီးမီးယားလိဂ်ဖလားကို (၃) နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် မန်စီးတီးတို့ ဆုကြေး ပေါင်သန်း (၁၈၀) ရရှိထားပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ရဗိုလ်စွဲခဲ့တာကြောင့် ဆုကြေးငွေ ပေါင် (၃,၉) သန်း ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ရဲ့ ဒီရာသီအတွက် အပိုဆုကြေးရရှိမှုက အခြားသောကဏ္ဍအရပ်ရပ်ကိုပါ ထည့်သွင်းတွက်ချက်လိုက်မယ်ဆိုရင် ပေါင်သန်း (၅၀၀) ဝန်းကျင် အနည်းဆုံးရှိလာနိုင်ပါတယ်။
မန်စီးတီးအတွက်တော့ ဒီလိုမျိုး အပိုဆုကြေးတွေ ဆွတ်ခူးရရှိခဲ့တာက ယူအီးအက်ဖ်အေက မကြာခဏ မျက်စောင်းထိုးနေတဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို အနေအထားတစ်ခုအထိ အပေါင်းလက္ခဏာဆန်အောင် ဆွဲတင်နိုင်ဖွယ်ရှိပါတယ်။ မန်စီးတီးဟာ ဝင်ငွေ၊ ထွက်ငွေမမျှတမှုကြောင့် ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရဖူးပြီး သူတို့ရဲ့ ငွေကြေးသုံးစွဲမှုတွေနဲ့ပတ်သက်လို့ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခံနေရတဲ့အသင်းလည်း ဖြစ်ပါတယ်။