လီယွန်နယ်မက်ဆီဟာ ဖလော်ရီဒါမှာ နေထိုင်ဖို့အတွက် နေအိမ်တလုံးကို ဝယ်ယူလိုက်ပြီလို့ သိရပါတယ်။ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ပြီးနောက်မှာ မိသားစု နေထိုင်နိုင်မယ့် နေအိမ်တလုံးကို ရှာဖွေနေခဲ့ရာမှာ အခုတော့ တွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။
အဆိုပါနေအိမ်ဟာ ဒေါ်လာ ၁၀.၈ သန်း တန်ကြေးရှိပြီး ပင်လယ်ကို လှမ်းမြင်နိုင်တဲ့ နေရာမှာလို့ သိရပါတယ်။ အကျယ်အဝန်းအားဖြင့် ၁၆၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး အင်တာမိုင်ယာမီကွင်းနဲ့ သူ့ရဲ့ နေအိမ်သစ်ဟာ ၈ ကီလိုခန့် ကွာဝေးတယ်လို့လည်း ဆိုပါတယ်။
ဒီနေအိမ်ကို ၁၉၈၈ မှာ ဆောက်လုပ်ခဲ့ကာ ၂၀၀၀ ပြည့်နှစ်မှာ ထပ်မံတိုးချဲ့မှုတွေလုပ်ထားခဲ့တယ်လို့ မှတ်တမ်းတွေအရလည်း သိရပါတယ်။ မက်ဆီမတိုင်ခင် ဒီနေအိမ်အရောင်းအဝယ်ဖြစ်ခဲ့တာဟာ ဒေါ်လာ ၉ သန်းပေးခဲ့ရပြီး ၁၆ လအတွင်းမှာ စျေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့တာလို့လည်း အိမ်ပိုင်ဆိုင်မှုမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အခန်း ၉ ခန်းပါဝင်ပြီး ပင်လယ်ကို လှမ်းကြည့်နိုင်မယ့်နေရာမှာ ရေကူးကန်လည်း ရှိကာ အားကစားခန်း၊ Spa နဲ့ အီတလီစတိုင်မီးဖိုချောင်တခုလည်း ပါဝင်တယ်လို့ သိရပါတယ်။ မက်ဆီအတွက်တော့ အဆိုပါနေအိမ်တန်ဖိုးဟာ သူ အင်တာမိုင်ယာမီမှာရရှိမယ့် လုပ်ခလစာရဲ့ ၅ပုံ ၁ပုံခန့်သာ ရှိမှာ ဖြစ်ပါတယ်။
မက်ဆီဟာ တနှစ်လုပ်ခ ဒေါ်လာသန်း ၅၀ ကနေ သန်း၆၀ အတွင်းရရှိမှာဖြစ်ပြီး အခြားသောခံစားခွင့်တွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ ပဲရစ်မှာတုန်းကတော့ နေအိမ်မဝယ်ယူခဲ့တဲ့ မက်ဆီဟာ ဖလော်ရီဒါမှာတော့ နေအိမ်သစ်တလုံးထပ်မံဝယ်ယူခဲ့တာဖြစ်ပါတယ်။