ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီကတော့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပေမယ့် ရီးရဲလ်က အကောင်းဆုံးအသင်းမဟုတ်ခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာက သူတို့ကို သတ်ခဲ့တာဖြစ်တယ်လို့ မက်ဆီက ပြောဆိုခဲ့သလို အကောင်းဆုံးအသင်းတွေဆိုတာ အမြဲတမ်းအနိုင်မရဘူးလို့လည်း ဆိုပါတယ်။
အီတလီနဲ့ ကစားရမယ့် ဥရောပချန်ပီယံ-တောင်အမေရိကချန်ပီယံပွဲစဉ်အတွက် အာဂျင်တီးနားကို ပြန်လည်ရောက်ရှိကာ မက်ဆီက လေ့ကျင့်နေတာဖြစ်ပါတယ်။ TyC Sports နဲ့ အင်တာဗျူးမှာ မက်ဆီက ပြောဆိုခဲ့တာဖြစ်ပြီး ဥရောပရဲ့အကောင်းဆုံးအသင်းက ရီးရဲလ်မက်ဒရစ်ဖြစ်ခဲ့တယ်ဆိုတာကို သူ မယုံကြည်ဘူးလို့ ဆိုခဲ့ပါတယ်။
"ရီးရဲလ်မက်ဒရစ်နဲ့ပွဲက ကျနော်တို့ကို သတ်ခဲ့တာ၊ အကောင်းဆုံးအသင်းက အမြဲတမ်းအနိုင်မရပါဘူး၊ ရီးရဲလ်က ဥရောပရဲ့ချန်ပီယံတွေဖြစ်ပြီး အမြဲတမ်း အဲဒီနေရာ ဒါမှမဟုတ် အဲဒီနေရာနဲ့ အနီးဆုံးမှာ ရှိနေခဲ့ပါတယ်၊ ဒါမေယ့် ဒီရာသီချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးအသင်းတော့ သူတို့မဟုတ်ခဲ့ပါဘူး၊ ချန်ပီယံလိဂ်ဆိုတာက အခြေအနေတွေ၊ အရေးပါတဲ့အခိုက်အတန့်တွေ၊ စိတ်ပိုင်းဆိုင်ရာတွေ အများကြီးပါ"
"အမှားသေးသေးလေးလုပ်လိုက်တာနဲ့ ပြိုင်ပွဲကနေ ထွက်ရတော့တာပါပဲ၊ အဲဒီအခြေအနေတွေအတွက် အကောင်းဆုံးပြင်ဆင်ထားတဲ့အသင်းတွေပဲ ချန်ပီယံ ဒါမှမဟုတ် ဗိုလ်လုပွဲကိုရောက်နိုင်တာပါ" လို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။ သူ့ရဲ့ပြောဆိုမှုတွေအရ ပီအက်စ်ဂျီက ရီးရဲလ်ထက် ပိုကောင်းတယ်လို့ မက်ဆီက ယူဆနေဟန်ရှိတယ်လို့လည်း သုံးသပ်ရပါတယ်။