လီဗာပူးလ်တိုက်စစ်မှူးဆာလာက ပရီးမီးယားလိဂ်နောက်ဆုံးပွဲအဖြစ် ၀ုလ်နဲ့ကစားခဲ့တဲ့ပွဲမှာ သူ ဂိုးသွင်းပြီးနောက် အသင်းဖလားရပြီထင်ကာ အောင်ပွဲခံခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဆာလာဟာ အသင်းအတွက် ၈၄ မိနစ်မှာ ဂိုးသွင်းပေးခဲ့တာဖြစ်ပြီး တဖက်မှာမန်စီးတီးက ဗီလာကို ၂-၀ နဲ့ အရေးနိမ့်နေတာကို သူသိထားခဲ့တာကြောင့် ဂိုးပြန်မသွင်းနိုင်လောက်တော့ဘူးလို့ ထင်ခဲ့မိကြောင်းလည်း ဝန်ခံခဲ့ပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးက ဗီလာကို ၃ ဂိုးဆက်တိုက်ပြန်သွင်းပြီးကာမှ ဒီဘက်မှာ ဆာလာက ၀ုလ်ဗ်ကို ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဂိုးတွေပြန်သွင်းတာကို ဆာလာမသိခဲ့ဘဲ သူတို့အမှတ်ပေးဖလားရပြီလို့ တွက်ဆကာ အောင်ပွဲခံခဲ့ပြီး ပရိသတ်တွေကိုလှမ်းမေးတော့မှ မန်စီးတီးအနိုင်ရနေတယ်ဆိုလို့ စိတ်ပျက်ခဲ့ရကြောင်း ဆာလာက ပြန်လည်ပြောပြခဲ့ပါတယ်။
"၀ုလ်ဗ်နဲ့ပွဲမှာ ကျနော်ဂိုးသွင်းပြီးတော့ ငါတို့အမှတ်ပေးဖလားရပြီဆိုပြီး အောင်ပွဲခံခဲ့တာဗျ၊ အသင်းဖော်တွေကလည်း ကျနော့်ဆီပြေးလာတော့ အောင်ပွဲခံပုံကမြင်တဲ့အတိုင်းပဲ၊ အဲဒါနဲ့ အောင်ပွဲခံပြီးတော့ မန်စီးတီးပွဲအခြေအနေဘယ်လိုရှိလဲဆိုတာ ပရိသတ်တွေကို မေးလိုက်တော့ ၃-၂ တဲ့၊ ကျနော်ဘာလို့မေးလဲဆိုတော့ ကျနော်လူစားမလဲခင်မှာ ကွင်းထဲကအသင်းဖော်တွေ ရလဒ်မေးတုန်းက ၂-၀ နဲ့ ဗီလာနိုင်နေတယ်ဆိုပြီး ကျနော်ပြောခဲ့တာကိုး"
"ဒီတော့ ကျနော်ထင်လိုက်တာက ဗီလာက နိုင်နေပြီ၊ မန်စီးတီးက ပြန်သွင်းနိုင်လည်း ၁ဂိုး၊ ၂ဂိုးပေါ့ဆိုပြီး၊ ဒီတော့ ကျနော့်သွင်းဂိုးက အမှတ်ပေးဖလားရပြီလို့ ကျနော်ထင်ခဲ့တာပဲ၊ ကျနော်တို့အားလုံးအောင်ပွဲခံပြီးတော့ ပရိသတ်ကို မေးလိုက်တော့မှ မန်စီးတီးက ၃-၂ နဲ့ နိုင်နေတယ်တဲ့ဗျာ၊ ပွဲပြီးတော့ အားလုံး အဝတ်လဲခန်းထဲမှာ စိတ်ပျက်နေတာပေါ့၊ ကျနော်လည်း စိတ်ပျက်မိတယ်၊ ဒါပေမယ့် ဒါက ဘောလုံးပဲလေ၊ လက်ခံရမှာပဲ" လို့ ဆာလာက ဆိုပါတယ်။
လီဗာပူးလ်ကတော့ ဒီနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားရတော့မှာဖြစ်ပါတယ်။