Apple ကိုလည်း တရားစွဲဦးမှာပါ

မူးယစ်ရာဇာအဖြစ် ကမ္ဘာကျော် လူသိများသူ ပါဘလိုအက်စကိုဘာရဲ့ ညီ ရောဘတ်တို အက်စကိုဘာကလည်း စမတ်ဖုန်းလိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်မယ့် Foldable ဖုန်း ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

ရောဘတ်တို အက်စကိုဘာရဲ့ Escobar Inc ကနေ ထုတ်လုပ်လိုက်တဲ့ Foldable ဖုန်းကို Escobar Fold 1လို့ နာမည်ပေးထားပြီး Foldable Smartphone ဈေးကွက်ထဲမှာ ဈေးအနည်းဆုံးလည်း ဖြစ်ပါတယ်။ ၃၄၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်းကျော်)တန် Escobar Fold 1 ဟာ ၇.၈ လက်မအရွယ် AMOLED screen နှစ်ခု ပါရှိပြီး ရွှေရောင်ကာလာနဲ့ ထွက်ထားတာပါ။


Photo: ctvnews

မကွဲနိုင်ဘူးလို့ ကြေညာထားတဲ့ Escobar Fold 1 ဟာ Samsung Galaxy Fold နဲ့ ဆင်ပြီး ခေါက်သိမ်းနိုင်တဲ့ Flexible screen နဲ့လာပါတယ်။ မှန်မကွဲနိုင်တဲ့ အကြောင်းရင်းကတော့ Galaxy Fold လိုမျိုး မှန် screen မဟုတ်ဘဲ ရုပ်ထွက်ကောင်းမွန်ပြီး အထူးဖန်တီးထားတဲ့ ပလတ်စတစ်တစ်မျိုးနဲ့ ပြုလုပ်ထားတာကြောင့်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ Android 9.0 စနစ်သုံးထားပြီး Qualcomm Snapdragon 8 Series CPU သုံးထားပါတယ်။ အမေရိကန်ဒီဇိုင်းနည်းပညာ သုံးပြီး ဟောင်ကောင်မှာ တပ်ဆင်ထုတ်လုပ်မှု လုပ်ထားတာပါ။

Escobar Fold 1 ဟာ 16MP နဲ့ 20MP dual ကင်မရာ ပါရှိပြီး Fingerprint Scanner ၊ Loudspeaker ၊ HD အသံစနစ်နဲ့ ဆူညံသံစစ်ထုတ်တဲ့ စနစ်တွေ သုံးထားတယ်လို့ ဆိုပါတယ်။ 128GB နဲ့ 512GB storage ဗားရှင်း နှစ်မျိုး ထွက်ထားပြီး ၃၄၉ ဒေါ်လာနဲ့ ၄၉၉ ဒေါ်လာတွေနဲ့ ရောင်းချသွားမှာပါ။ Escobar Fold 1 ရဲ့ ပဏာမထုတ်လုပ်မှုအနေနဲ့ ဖုန်းအလုံးရေ ၁ သိန်းပဲ ထုတ်လုပ်မယ်လို့ ကန့်သတ်ထားပါတယ်။




ဒီဖုန်းကို ထုတ်လုပ်တဲ့ Escobar Inc ပိုင်ရှင် ရောဘတ်တို အက်စကိုဘာကတော့ Apple ကို ကျော်တက်မယ်လို့ ကြုံးဝါးထားသူ ဖြစ်ပါတယ်။

" Apple ကို ကျော်ဖြတ်နိုင်အောင် လုပ်မယ်လို့ ကျွန်တော် လူအတော်များများကို ပြောထားပါတယ်။ Foldable ဖုန်းဆို Samsung နဲ့ တစ်ခြားကုမ္ပဏီတွေက ဒေါ်လာထောင်နဲ့ ချီ ဈေးတင်ရောင်းနေချိန်မှာ ကျွန်တော်တို့က ခေါက်သိမ်းနိုင်တဲ့ ဖုန်းတစ်လုံးကို ၃၄၉ ဒေါ်လာတည်းနဲ့ ဖောက်သည်တွေကို ရောင်းပြီး ကွန်ရက်တွေနဲ့ လက်လီအရောင်းဆိုင်တွေ ဝယ်ချင်အောင် လုပ်မယ်။ Apple ကို ကျော်တက်ဖို့က ကျွန်တော့် ပန်းတိုင်ပါ" လို့ အက်စကိုဘာက Digital Trends ကို ပြောပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက လာမယ့် ၂၀၂၀ ဇန်နဝါရီ ၆ ရက်နေ့မှာ Apple ကို ဒေါ်လာဘီလျံ ၃၀ ရလိုကြောင်း တရားစွဲဖို့ပါ သူ့မှာ အစီအစဉ် ရှိနေတာ ဖြစ်ပါတယ်။ တရားစွဲတဲ့ အကြောင်းက Apple ဟာ တန်ဖိုးမရှိတဲ့ ဖုန်းတွေ ရောင်းပြီး လူတွေကို လိမ်ညာနေတာကြောင့်လို့ ဆိုပါတယ်။

တရားစွဲဖို့အတွက်လည်း ရှေ့နေတွေကို ဒေါ်လာ ၁ သန်းပေးငှားထားပြီး Apple ရဲ့ တရားမဝင်တဲ့ အမြတ်အစွန်းတွေထဲက တစ်ချို့ကို လူတွေကို ပြန်ပေးမယ်လို့ ရောဘတ်တို အက်စကိုဘာက ဆိုပါတယ်။

Share

Loading Next Article...
က္က