ကျောဘက်သုံးလုံးတွဲ Leica ကင်မရာစနစ်နဲ့ စိတ်ဝင်စားစရာဒီဇိုင်းသုံး Xiaomi ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းကို ဒီနေ့ မိတ်ဆက်လာမှာပါ။
Xiaomi ရဲ့ ဒုတိယမြောက် Mix Fold 2 ခေါက်သိမ်းနိုင်စမတ်ဖုန်းကို ဩဂုတ်လ ၁၁ ရက်နေ့ မိတ်ဆက်သွားမှာပါ။ Xiaomi အမှုဆောင်အရာရှိချုပ် လေဂျန်ဟာ ကုမ္ပဏီရဲ့ Flagship Foldable ဖုန်းကို အပါးလွှာဆုံးဒီဇိုင်းဖြစ်အောင် ကြိုးစားထားတယ်လို့ ဆိုပါတယ်။ လေဂျန်ရဲ့ အဆိုအရ Xiaomi Mix Fold 2 ဟာ မခေါက်ဘဲ Unfold လုပ် ဖြန့်ထားချိန်မှာ ထု ၅.၄ မီလီမီတာပဲ ရှိမယ်လို့ ပြောပါတယ်။ ကင်မရာ Bump အပါဆို ခေါက်ထားချိန် ထုအားဖြင့် ၁၁.၄ မီလီမီတာပဲ ရှိမယ်လို့ ယူဆရပါတယ်။
သတင်းတွေအရ Mix Fold 2 ဟာ 202g ပဲ အလေးချိန် ရှိပြီး Foldable ဖုန်းတစ်လုံးအတွက် အတော်ကြီး ပေါ့ပါးတဲ့ဝိတ်ကို သုံးထားတာလို့ ဆိုရမှာပါ။ original Mi Mix Fold ဟာ Unfold လုပ်ထားချိန် ၇.၆ မီလီမီတာထုပြီး ခေါက်ထားချိန်အထူ ၁၇.၂ မီလီမီတာ ရှိသလို အလေးချိန်အားဖြင့်လည်း 317g အလေးချိန် ရှိပါတယ်။ Xiaomi အင်ဂျင်နီယာတွေဟာ Foldable ဖုန်းတွေကို ပါးလွှာ ပေါ့ပါးအောင် ၂ နှစ်နီးပါး အချိန်ယူကြိုးစားထားတာ ဖြစ်ပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့က မိတ်ဆက်သွားတဲ့ Samsung Galaxy Z Fold 4 ဟာ Unfold လုပ်ထားချိန် 6.3mm ထု ၊ Folded လုပ်ထားချိန် 15.8mm အထိ ရှိပြီး အလေးချိန် 263g လေးတယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။ Xiaomi ရဲ့ အသစ်ထွက်လာမယ့် Mix Fold 2 ဟာ micro waterdrop လို့ ခေါ်တဲ့ ပတ္တာ hinge ဒီဇိုင်းသစ်ကို သုံးမယ်လို့ ဆိုပါတယ်။ ပေါ့ပါးအောင် အဆင့်မြင့် materials တွေ သုံးထားပြီး hinge ကိုလည်း ၃၅% ပိုပေါ့အောင် လုပ်ထားသလို ပတ္တာရဲ့ အထူကိုလည်း ၂၅% လျှော့ချထားမယ်လို့ ပြောပါတယ်။
အစောပိုင်း ထွက်ထားတဲ့ Leaks သတင်းတွေအရဆို Mix Fold 2 ဟာ အပြင်ကာဗာ မျက်နှာပြင်ဆိုဒ် ၆.၅ လက်မ နဲ့ အတွင်း Folding Display အရွယ်အစား ၈ လက်မဆိုဒ် သုံးလာမယ်လို့ ဆိုပါတယ်။ Display ရဲ့ refresh rate ကိုလည်း အရင်က 60Hz သုံးရာကနေ 120Hz ကို အဆင့်မြှင့်တင်လာနိုင်ပါတယ်။ Flagship ဖုန်းတစ်လုံး ဖြစ်တဲ့အတိုင်း နောက်ဆုံးပေါ် Qualcomm Snapdragon 8 Plus Gen 1 SoC ကို သုံးလာဖို့ ရှိပါတယ်။
ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေမှာ ဒီဖုန်းဟာ Leica Logo နဲ့ ကျောဘက် သုံးလုံးတွဲကင်မရာစနစ် သုံးထားတာ တွေ့ရလို့ Flagship ကင်မရာသစ်ရဲ့ အရည်အသွေးကိုလည်း မြင်ရဖို့ ရှိပါတယ်။ Xiaomi Mix Fold 2 ဟာ 4500mAh ဘက်ထရီကိုမှ 67W Fast Charging သုံးမယ်လို့လည်း သတင်းရထားပါတယ်။ Xiaomi Mix Fold 2 နဲ့ အပြိုင် လတ်တလော ထွက်ထားတဲ့ Samsung ရဲ့ High-End Foldable ဖုန်းသစ် Galaxy Z Fold 4 ကို အနည်းဆုံး ဒေါ်လာ ၁၈၀၀ ( မြန်မာငွေ ၄၅ သိန်းကျော်) ဈေးနဲ့ ကြေညာထားတာ ဖြစ်လို့ Xiaomi ခေါက်သိမ်းနိုင် စမတ်ဖုန်းသစ်ရဲ့ ဈေးကိုလည်း စောင့်ကြည့်ရဦးမှာပါ။
ဩဂုတ်လ ၁၁ ရက် Xiaomi မိတ်ဆက်ပွဲမှာ Xiaomi Mix Fold 2 အပြင် Xiaomi Pad 5 Pro ၁၂.၄ လက်မဗားရှင်းနဲ့ Xiaomi Buds 4 Pro ထုတ်ကုန်သစ်တွေလည်း ကြေညာသွားဖို့ ရှိပါတယ်။ နောက်ထပ် စောင့်ကြည့်ရမယ့်သတင်းတစ်ခုကတော့ Watch S1 ကို အဆင့်မြှင့်တင်ထားတဲ့ Xiaomi Watch S1 Pro သစ်ကိုလည်း ဒီပွဲမှာ မိတ်ဆက်လာနိုင်တယ်ဆိုတာပါပဲ။