မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ခြေစမ်းပွဲမှာတော့ ယူနိုက်တက်က ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ တန်ဟက်ဂျ်လက်ထက်မှာ ၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့တာဖြစ်ပြီး ၃ ပွဲစလုံးကို အနည်းဆုံး ၃ ဂိုးစီ သွင်းယူနိုင်ခဲ့ကာ အသင်းကစားဟန်နဲ့ကစားသမားတွေရဲ့ ခြေစွမ်းက ယူနိုက်တက်ပရိသတ်တွေကို စိတ်ကျေနပ်စရာတွေ အပြည့်အ၀ပေးနိုင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
အထူးသဖြင့် မနေ့ကပွဲမှာတော့ ယူနိုက်တက်တိုက်စစ်ပိုင်းက ကစားသမားတွေကြားမှာ အချိတ်အဆက်မိမိကစားနိုင်ခဲ့ပြီး မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကြားမှာ နားလည်မှုပြည့်၀နေကာ သူတို့ရဲ့လျင်မြန်မှု၊ တိကျမှုတွေနဲ့ ယူနိုက်တက်တို့ ဂိုးတွေရရှိခဲ့ပါတယ်။ သူတို့ သုံးယောက်စလုံးဂိုးတွေသွင်းယူနိုင်ခဲ့ကြပြီး ဒီထဲမှာ ထူးခြားမှုတခုကတော့ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးအတွက် ဖန်တီးပေးခဲ့တဲ့ ဗန်ဒီဘိခ်ကို အသင်းဖော်တွေက ဝိုင်းဝန်းဂုဏ်ပြုမှုပဲဖြစ်ပါတယ်။
လျင်မြန်တဲ့တွဲလုံးတွေ၊ နားလည်မှုပြည့်၀နေတဲ့ ချိတ်ဆက်မှုကတဆင့် ယူနိုက်တက်တို့ တိုက်စစ်ဆင်လာခဲ့ပြီး ဧရိယာထဲမှာ တချက်ထိအမြန်ပေးပုံစံနဲ့ ဂိုးသွင်းခဲ့ရာမှာ ဗန်ဒီဘိခ်က ရက်ရှ်ဖို့ဒ်ဂိုးသွင်းနိုင်အောင် အတိအကျဖန်တီးပေးနိုင်ခဲ့တာပါ။ ဒီဂိုးသွင်းပြီးနောက်မှာ ဖန်တိးရှင်ဗန်ဒီဘိခ်ကို ရက်ရှ်ဖို့ဒ်က လက်ဝါးချင်းရိုက်ဂုဏ်ပြုခဲ့သလို လင်ဒီလော့ခ်ကလည်း ဦးခေါင်းကို နမ်းရှုပ်ဂုဏ်ပြုခဲ့ပါတယ်။
ဆန်ချို၊ မာလာစီယာတို့ကလည်း ဗန်ဒီဘိခ်ကို စိတ်ပါလက်ပါနဲ့ ဂုဏ်ပြုခဲ့ကြတာကို တွေ့ခဲ့ရပြီး ယူနိုက်တက်အသင်းရဲ့ တရားဝင်လူမှုကွန်ယက်ကလည်း အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို ခံယူခဲ့တဲ့ ဗန်ဒီဘိခ်လို့ရေးသားကာ ဓာတ်ပုံတွေကို ဖော်ပြခဲ့တဲ့အထိပါပဲ။ ဗန်ဒီဘိခ်ရဲ့ တကိုယ်ကောင်းမဆန်မှု၊ အသင်းဖော်နေရာလွတ်ယူထားတာကို မြင်တွေ့ခဲ့တဲ့ စွမ်းရည်၊ တိကျတဲ့ ပေးပို့မှုတွေကလည်း တကယ်ချီးကျူးချင်စရာကောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အဲဗာတန်ကို အငှားထွက်ကစားခဲ့ရတဲ့ ဗန်ဒီဘိခ်က ဆရာဟောင်းတန်ဟက်ဂျ်လက်ထက်မှာ နေရာတရာရမယ်လို့ ထင်ကြေးပေးခံနေရသူဖြစ်ပြီး မနေ့က သူ့ရဲ့ဖန်တီးပေးမှုက စိတ်ပိုင်းဆိုင်ရာအရလည်း ခွန်အားဖြစ်စေခဲ့ပါတယ်။ အသင်းဖော်တွေဆီက ယုံကြည်မှုကိုလည်း ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။