အာဆင်နယ်အသင်းနည်းပြ အာတီတာက ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းနဲ့ပတ်သက်ပြီး ၎င်းရဲ့ ကိုင်တွယ်မှုဟာ အာဏာရှင်ဆန်ဆန် ကိုင်တွယ်ခဲ့တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အူဘာမီယန်းဟာ ယခုလအစောပိုင်းမှာ နောက်ဆုံးတစ်ကြိမ် စည်းကမ်းချိုးဖောက်ခဲ့ပြီးနောက် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး ဆောက်သမ်တန်၊ ဝက်စ်ဟမ်း၊ လိဒ်စ်၊ ဆန်းဒါးလန်းတို့နဲ့ ကစားခဲ့တဲ့ အသင်းရဲ့နောက်ဆုံး ၄ ပွဲစလုံးမှာလည်း ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ပထမအသင်း လေ့ကျင့်ရေးအစီအစဉ်ကနေလည်း ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီး လာမယ့်လ အာဖရိကဖလားပြိုင်ပွဲအတွက် မထွက်ခွာမီ တစ်ဦးတည်း လေ့ကျင့်ရေး ဆက်လက်ပြုလုပ်နေရမှာဖြစ်ပါတယ်။
အာတီတာက ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ ကြယ်ပွင့်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး အရမ်းမလျှော့မပေးဘဲ တင်းခံလွန်းတယ်ဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြက ဂါဘွန်တိုက်စစ်မှူးရဲ့အခြေအနေကို ကိုင်တွယ်နေတာက ၎င်းရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြသဖို့ နည်းလမ်းအဖြစ် အသုံးပြုနေတာမဟုတ်ဘဲ ကစားသမားတွေဆီကနေ လေးစားမှုနဲ့ အသင်းအပေါ် စိတ်နှစ်မြှုပ်ပေးဆပ်မှုသာ လိုချင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် အာဏာရှင်ဆန်ပြီးတော့ လုပ်ပိုင်ခွင့်အာဏာပြနေတာမဟုတ်သလို အညှာအတာမဲ့ဖို့လည်း ကြိုးစားနေတာမဟုတ်ပါဘူး။ ကျွန်တော် တစ်ခုတည်းပဲ တောင်းဆိုခဲ့တာပါ။ အဲဒါက လေးစားမှုနဲ့ အသင်းအတွက် စိတ်နှစ်မြှုပ်ပေးဆပ်မှုပါ။ အဲဒါပါပဲ။ ခင်ဗျား ဒီလိုအဆင့်မှာ အဲဒီအတွက် တောင်းဆိုနေရရင် ကျွန်တော့် အထုပ်ကျွန်တော် ပြင်ပြီး တစ်ခြားတစ်နေရာသွားရမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ခင်ဗျားတောင်းဆိုနိုင်တဲ့ အနည်းဆုံးအဆင့်ဖြစ်နေလို့ပါ"
"ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော် အသင်းအတွက် အလုပ်လုပ်နေတဲ့ လူတိုင်းဆီကနေ အဲဒီအရာကို မျှော်မှန်းသွားမှာပါ။ အစဦးဆုံးအနေနဲ့ ကျွန်တော်ကိုယ်တိုင်ဆီကပါ။ ကျွန်တော် အဲဒါကို မလုပ်နိုင်တဲ့ နေ့ကျရင် ကျွန်တော် တံခါးဖွင့် ထွက်သွားပြီး တခြားအရာကို လုပ်သွားမှာပါ။ အဲဒီလောက်ကို ရှင်းပါတယ်။ အောင်မြင်မှုရဖို့ဆို ခင်ဗျားမှာ တစ်စုံတရာနဲ့ပတ်သက်ပြီး စိတ်ထက်သန်မှု ရှိရမှာဖြစ်ပြီး ခင်ဗျား သမိုင်းကြောင်းရှိတဲ့ ဒီလိုအသင်းမျိုး ကိုယ်စားပြုချင်တယ်ဆိုရင် ဒါက ခင်ဗျား ယူဆောင်လာရမယ့် အနိမ့်ဆုံးအဆင့်အတန်းပါပဲ"
"ကျွန်တော် ဘောလုံးကန်လိုက်တဲ့အချိန်တိုင်း ဂိုးအပေါ်ထောင့်ထဲကို ဝင်နေရမယ်လို့ ဘယ်သူ့ကိုမှ တောင်းဆိုမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ကို ဒီအသင်းအတွက် နေ့တိုင်း မှန်ကန်တဲ့အရာတွေကို လုပ်ဖို့တော့ တောင်းဆိုမှာပါ။ အဲဒါက သေချာပါတယ်"လို့ ပြောကြားခဲ့ပါတယ်။