ပဲခူးတိုင်းပြည်ခရိုင်အတွင်းက ပြည်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ ပန်းတောင်းမြို့နယ်က ဒေသအစားအသောက်တွေ ရနိုင်တဲ့ ပန်းတောင်းသူဆိုတဲ့ စားသောက်ဆိုင်လေးကိုတော့ အလုံမြို့နယ်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီဆိုင်လေးဟာ ရန်ကုန်ကို ရောက်နေတဲ့ ပန်းတောင်းသားပန်းတောင်းသူတွေအတွက်လည်း ကိုယ့်ဒေသကို အလွမ်းပြေစေနိုင်သလို ရန်ကုန်က စားသုံးသူတွေအတွက်လည်း အရသာအသစ်ကို မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။
ပန်းတောင်းသားစစ်စစ်ရဲ့ လက်ရာ
ပန်းတောင်းသူဆိုတဲ့ ရိုးရာစားသောက်ဆိုင်လေးကို ပန်းတောင်းသားတစ်ဦးလည်းဖြစ်တဲ့ ကိုဟိန်းက စတင်ဖွင့်လှစ်ခဲ့တာပါ။ ပန်းတောင်းသားတစ်ယောက်ဖြစ်တာနဲ့အညီ ကိုယ့်ဒေသထွက်အစားအသောက်တွေကို မြှင့်တင်စေချင်တဲ့ ရည် ရွယ်ချက်နဲ့အတူ ရန်ကုန်မှာ ရှိနေတဲ့ ပန်းတောင်းသူပန်းတောင်းသားတွေလည်း ဒေသလက် ရာလေးကို အလွမ်းပြေစေလိုတဲ့ ဆန္ဒနဲ့ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ။
“ရန်ကုန်က လူတွေက ပြည်ဘက်က ထမင်းသုပ်ကို ပိုပြီးသိကြတယ်။ပန်းတောင်းဘက်က ထမင်းသုပ်ကို သိပ်မသိကြဘူး။ ပန်းတောင်းဘက်က ထမင်းသုပ်က ပြည်ဘက်က ထမင်းသုပ်နဲ့ ကွာခြားမှုတွေ ရှိတယ်။ အထဲမှာထည့်တဲ့ အစာပလာတွေက မတူဘူး။ ရန်ကုန်မြို့မှာ ရောက်နေတဲ့ ပန်းတောင်းသူ ပန်းတောင်းသားတွေလည်းစားလို့ ရအောင် ရန်ကုန်မြို့သူ မြို့သားတွေလည်း အရသာ အသစ်နဲ့ ပုံစံအသစ်လေး မြည်းစမ်းနိုင်အောင် ရည်ရွယ်ပြီးတော့ ပန်းတောင်းဒေသအစားအစာတွေ ရောင်းချဖို့ စိတ်ကူးမိတာဖြစ်ပါတယ်” လို့ ကိုဟိန်းက သူ့စိတ်ကူးကို ပြောပြပါတယ်။
ဒေသခံတွေရဲ့အသည်းစွဲ ပန်းတောင်းထမင်းသုပ်နဲ့ အကြော်စုံ
ပန်းတောင်းထမင်းသုပ်ဆိုတာ ပန်းတောင်းမြို့ ရဲ့ အမှတ်အသားတစ်ခုဆိုရင်လည်း မမှားပါဘူး။ ပန်းတောင်းဒေသခံတွေက ထမင်းသုပ်ကို မနက်စာအနေနဲ့ စွဲစွဲမြဲမြဲ စားသုံးကြပါတယ်။ ပန်းတောင်းထမင်းသုပ်နဲ့အတူ အသားကြော်အစုံနဲ့ တွဲဖက်စားသုံးလေ့ရှီပါတယ်။ နောက်ပြီးတော့ မနက်ခင်းမှာ အသုပ်စုံနဲ့ ထမင်းဖြူတို့ကိုလည်း တွဲဖက်စားသုံးလေ့ ရှိကြပါတယ်။ ဒီလိုမျိုး ပန်းတောင်းထမင်းသုပ်စစ်စစ်နဲ့ အသားစုံအကြော်၊ ပန်းတောင်းအသုပ်စုံတို့ကို ပန်းတောင်းသူဆိုင်လေးမှာ ရနိုင်တာ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာရောင်းရာကနေ ဆိုင်ခန်းဖြစ်လာတဲ့ ပန်းတောင်းသူ
ပန်းတောင်းအစားအသောက်တွေကို ကနဦးအနေနဲ့ အွန်လိုင်းကနေ စတင်ရောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် စားသုံးသူတွေက အရသာတွေ့ပြီး ဖောက်သည်တွေများလာသလို ဆိုင်ဖွင့်ဖို့ ပြောဆိုကြရာကနေ ဆိုင်ခန်းလေးဖွင့်လှစ်ဖို့ စိတ်ကူးမိခဲ့တာလို့ ပန်းတောင်းသူ ဆိုင်ရှင် ကိုဟိန်းက ဆိုပါတယ်။
ဒီဆိုင်လေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆို တစ်လနီးပါးပဲ ရှိသေးတာဖြစ်ပါတယ်။ တစ်လနီးပါးမှာ အွန်လိုင်းက ပုံမှန်စားသုံးသူတွေအပြင် အခုဆိုရင် ဖောက်သည်သစ်တွေလည်း ရလာပြီလို့ ဆိုပါတယ်။ ဆိုင်အခင်းအကျင်း သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းနဲ့ စားသုံးသူတွေ အေးအေးဆေးဆေးစားနိုင်အောင် ပြင်ဆင်ထားတာလည်း တွေ့ရပါတယ်။
ပန်းတောင်းလက်ရာကိုပဲ စားသုံးသူတွေ ခံတွင်းတွေ့အောင် ပြင်ဆင်ပေး
ပန်းတောင်းမြို့သူမြို့သားတွေကတော့ ပန်းတောင်းထမင်းသုပ်တို့၊ အသုပ်စုံတို့ဆိုတာ သူတို့ ရဲ့ပုံမှန်အစားအစာတစ်ခုလိုတောင်ဖြစ်နေပြီး အိမ်တိုင်းနီးပါးက လွယ်လင့်တကူလုပ်ပြီးစားကြတဲ့ အစားအသောက်ဖြစ်ပါတယ်။ ဒါကြောင့် ပန်းတောင်းထမင်းသုပ်တို့ အသုပ်စုံတို့ဆိုတာကတော့ ပန်းတောင်းသူ ပန်းတောင်းသားတွေအတွက် မဆန်းတဲ့ လုပ်နည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း စားသောက်ဆိုင်ဖြစ်တဲ့အတွက် အရသာကို လူတိုင်းပါးစပ်နဲ့ အဆင်ပြေအောင် ညှိယူ ရတာမျိုးတွေလည်း ရှိပါတယ်။
“ ပန်းတောင်းဘက်မှာ သုပ်တဲ့ ထမင်းသုပ်ဆို ခေါက်ဆွဲဖတ်မပါဘူး။ ရန်ကုန်မှာ ရောင်းတဲ့အခါကျတော့ ရန်ကုန်က စားသုံးသူတွေက ခေါက်ဆွဲဖတ်လေးနဲ့ မှစားချင်ကြတယ်။ ပန်းတောင်းသုပ်ကတော့ ကြာဇံ၊ ခေါက်ဆွဲမထည့်ဘူး။ တို့ဟူး ရယ်၊ တို့ဟူးကို ပြန်ကြော်ထားတဲ့ တို့ဟူးကြော် ပန်းတောင်းအခေါ် စိန်ပန်း၊ မုန့်ကြွပ် ရယ်နဲ့ပဲ အဓိကသုပ်တာဖြစ်ပါတယ်။ ရန်ကုန်ကလူတွေကျတော့ ခေါက်ဆွဲဖတ်ကြိုက်ကြတယ်။ အဲဒီတော့ ခေါက်ဆွဲဖတ် ထည့်ပေးမှ အဆင်ပြေမယ်ဆိုတော့ ခေါက်ဆွဲဖတ်လေးထည့်ပြီးတော့ ရန်ကုန်ကလူတွေလည်းစားလို့အဆင်ပြေအောင် ပန်းတောင်းလက်ရာလေးလည်းမပျက်အောင် ပြုပြင်ပြီးတော့ ညှိယူ ရတာပေါ့။ ကိုယ့်ဒေသအစားအစာစစ်စစ်ဆိုပေမယ့်လည်း ဒီကစားသုံးသူတွေအကြိုက် အဆင်ပြေအောင် စီမံ ရပါတယ်” လို့ ပန်းတောင်းသူဆိုင် ရှင်ကိုဟိန်းက ဆိုပါတယ်။
ဒီဆိုင်မှာ ရနိုင်တဲ့ အစားအစာတွေနဲ့ စျေးနှုန်း
ဒီဆိုင်မှာ ရနိုင်တဲ့ အဓိက အစားအစာကတော့ ပန်းတောင်းထမင်းသုပ်နဲ့ ပြည်ပလာတာလို့ ဆိုရမှာပါ။ မနက်စာနဲ့ နေ့လယ်စာကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်လေးဖြစ်ပါတယ်။ ရနိုင်တဲ့ မီနူးတွေကတော့ ပန်းတောင်းထမင်းသုပ်၊ အသားကြော်အစုံဖြစ်တဲ့ အမဲနေလှန်းကြော်၊ ဝက်နေလှန်းကြော်၊ ငါးဖယ်ကြော်၊ ငါး ရံ့ခြောက်ဖုတ်ဆီဆမ်း စတဲ့ အသားကြော် တော်တော်များများနဲ့စားသုံးနိုင်အောင် စီစဥ်ထားပါတယ်။ နောက်ပြီး ပန်းတောင်း အသုပ်စုံ ပွဲကြီး၊ပွဲသေးလည်း ရပါတယ်။ ဒါ့အပြင်ပန်းတောင်းဘက်က ရွာလေးဖြစ်တဲ့ ဒေါင်းမြတ်နားရွာက ကြက်သောက်ဆမ်းတို့အပြင် နာမည်ကြီး ပြည်ပလာတာသုပ် တို့လည်း ရပါတယ်။
“ မနက်ပိုင်းကတော့ ပြည်ပလာတာ၊ ပန်းတောင်းထမင်းသုပ်၊ အသားကြော်အစုံတို့ အဓိကရပါတယ်။ နောက်ပိုင်းဆို ရက်ခြားပြီးတော့ ရွှေတောင်ခေါက်ဆွဲ၊ ပြည်ကော်ရည် ၊ နန်းကြီးသုပ်တို့လည်း စီစဥ်ထားပါတယ်။ အမြဲတမ်း ရှိနေမှာကတော့ ပြည်ပလာတာနဲ့ ပန်းတောင်းထမင်းသုပ်ပါပဲ”
စျေးနှုန်းတွေကတော့ ပန်းတောင်းထမင်းသုတ်တစ်ပွဲကို ၂၀၀၀၊ အသုပ်စုံပွဲကြီး ၃၆၀၀၊ ပွဲသေး ၁၆၀၀ ကျပ်နဲ့ ပြည်ပလာတာ၊ ရွှေတောင်ခေါက်ဆွဲ၊ ပြည်လက် ရာ ကော် ရည်ခေါက်ဆွဲ၊ ရွှေတောင်လက် ရာ နန်းတုတ်ကြီးအသုပ်၊ ဒေါင်းမြတ်နားရွာလက်ရာ ကြက်သောက်ဆမ်း စတာတွေကတော့ တစ်ပွဲကို ၂၈၀၀ ကျပ်ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်နဲ့ တည်နေရာ
ဆိုင်ဖွင့်ချိန်က မနက် ၈ နာ ရီကနေ ညနေ ၅ နာ ရီပါ။ ဆိုင်လိပ်စာကတော့ တိုက် ၈၀၊ ဆင် ရေကန်လမ်း၊ အလုံမြို့နယ်အတွင်းမှာ တည် ရှိပါတယ်။ အောက်ကြည့်မြင့်တိုင်လမ်းက ဝင်ရင် ကွင်းကျောင်းလမ်းက ဝင်လာပြီး ညာဖက်ခြမ်း ၃ လမ်းမြောက်က ဆင် ရေကန်လမ်းအတွင်းက ညာဖက်ခြမ်း ၃ တိုက်မြောက် မှာ ဖွင့်လှစ်ထားတဲ့ဆိုင်လေးဖြစ်ပါတယ်။
“ ကိုယ့်ဒေသအစားအစာကို ရန်ကုန်က မစားဖူးတဲ့သူတွေလည်း သိအောင်၊ အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ပြီးတော့ ပန်းတောင်းဒေသက ပန်းတောင်းသူ ပန်းတောင်သားတွေအပြင် ရန်ကုန်သူ ရန်ကုန်သားတွေလည်း စားပြီးတော့ တမူထူးခြားတဲ့အရသာလေးကို ခံစားစေချင်တာပါ။ စားသုံးသူတွေက ဒါကိုစားလိုက်လို့ ကောင်းတယ်။ ထပ်စားချင်တယ်လို့ ကြားတဲ့အခါ ဝမ်းသာပီတိဖြစ် ရပါတယ်” ပန်းတောင်းသူဆိုင်လေးကို ဖွင့်လှစ်ထားတဲ့ ကိုဟိန်းကတော့ ဒီဆိုင်လေးနဲ့ ပတ်သက်ပြီး သူ့ ရဲ့ခံစားချက်ကို ဖွင့်ဟထားပါတယ်။
ဒါကြောင့်မို့ ပန်းတောင်းသူပန်းတောင်းသားတွေလည်း ကိုယ့်အိမ်ကို ပြန်ရောက်သွားသလို ခံစားစေရမယ့်အပြင် ရန်ကုန်ကသူတွေအတွက်လည်း အရသာအသစ်လေးမြည်းစမ်းနိုင်အောင် ဒီဆိုင်လေးကို တစ်ခေါက်လောက်တော့ သွားကြည့်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။