ကမ္ဘောဒီးယားမှာ ကျင်းပမယ့် ၃၂ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ၂၂ အသင်းရဲ့ လူစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ စုစုပေါင်း ကစားသမား ၂၀ ဦးကို ရွေးချယ်ခဲ့ပြီး နည်းပြအဖြစ် မိုက်ကယ်ဖိုက်တန်ဘိုင်နာက ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့ အသင်းလူစာရင်းမှာတော့ -
ဂိုး - ပြည့်ဖြိုးသူ၊ ဟိန်းထက်စိုး
နောက်တန်း - ရှင်းသန့်အောင်၊ ကောင်းထက်ပိုင်၊ ထူးမြတ်ခန့်၊ လတ်ဝေဖုန်း၊ သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ နောင်နောင်စိုး
အလယ်တန်း - အောင်မျိုးခန့်၊ အာကာကျော်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ရဲရင့်ဖြိုး၊ ခွန်ကျော်ဇင်ဟိန်း
ရှေ့တန်း - ချစ်အေး၊ ဥက္ကာနိုင်၊ စွမ်းထက်၊ အောင်သီဟ၊ ဟိန်းထက်အောင် တို့ ပါဝင်ခဲ့ကြပါတယ်။
တိုက်စစ်ကစားသမား ဟိန်းထက်အောင်ကတော့ မလေးရှားကလပ် ဆီလန်ဂေါမှာ သွားရောက်ကစားနေတာဖြစ်ပြီး လာမယ့်ဆီးဂိမ်းမှာ မြန်မာအသင်းကို သူက ဦးဆောင်ရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာအသင်းဟာ အုပ်စု (က) မှာ ကျရောက်နေခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီယား၊ တီမော၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗီယက်နမ်ဆီးဂိမ်းတုန်းကတော့ မြန်မာအသင်းဟာ အုပ်စုအဆင့်မှာပဲ ကျေနပ်ခဲ့ရပြီး တတိယနေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်ဖို့အတွက်ကို အရင်ဆုံးဦးစားပေးရမှာဖြစ်ပြီး နည်းပြသစ်အတွက်လည်း ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ မြန်မာ ယူ-၂၂ အသင်းဟာ ခြေစမ်းပွဲအဖြစ် ရှမ်းယူနိုက်တက်နဲ့ ဧပြီလ ၂၅ ရက်နေ့က ကစားခဲ့ပြီး ၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။