ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ နှစ်အလိုက် ပိုဆိုးလာနေတယ်လို့ Omdia ရဲ့ သုတေသနက ဖော်ပြနေပါတယ်။
၂၀၂၂ ဒုတိယသုံးလပတ်ဟာ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်ထက် အခြေအနေ ဆိုးနေသလို ၂၀၂၂ ပထမသုံးလပတ်နဲ့ ယှဉ်ရင်လည်း အခြေအနေ ဆိုးနေတုန်းပဲလို့ ပြောပါတယ်။ Omdia ရဲ့ ဈေးကွက်သုတေသနတွေအရ ဧပြီ - ဇွန်သုံးလအတွင်း စမတ်ဖုန်းတင်ပို့မှုစုစုပေါင်းဟာ ၂၉၃.၇ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းတွေကို ဒီနှစ် ပထမသုံးလပတ် စမတ်ဖုန်းတင်ပို့မှုပမာဏ ၃၀၇.၇ သန်း ၊ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ် တင်ပို့မှု ၃၀၃.၃ သန်း တို့နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Q2 သုံးလပတ်အတွက် ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုမှာ Samsung က စမတ်ဖုန်းတင်ပို့မှု ၆၂.၂ သန်းနဲ့ ထိပ်ဆုံးနေရာက ဦးဆောင်နေပါတယ်။ iPhone ကုမ္ပဏီ Apple ဟာ ဒီသုံးလအတွင်း စမတ်ဖုန်းအလုံးရေ ၄၈.၉ သန်း တင်ပို့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ Omdia ရဲ့ အချက်အလက်တွေအရ Galaxy A13 နဲ့ Galaxy S22 စီးရီးလို ထုတ်ကုန်တွေရဲ့ ရောင်းအားကောင်းမှုကိုလည်း ထောက်ပြထားပါတယ်။ Samsung ရဲ့ နှစ်အလိုက် ဖုန်းတင်ပို့မှုဟာ ၈.၇% အတက်ပြနေပြီး ၂၀၂၁ Q2 မှာ ၅၇.၂ သန်း တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
Brand ပေါ် သစ္စာရှိမှုမြင့်ကြတဲ့ Apple fan တွေကြောင့် iPhone 13 စီးရီးဟာ iPhone 12 တုန်းကထက် စိတ်ဝင်စားမှု ပိုမြင့်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ Apple ဟာ နှစ်အလိုက် ဈေးကွက်တိုးတက်မှု ၁၂.၉% ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် Q2 မှာ iPhone တင်ပို့မှု ၄၃.၃ သန်း ရှိခဲ့ပြီး ဒီနှစ် Q2 မှာ ၄၈.၉ သန်း တက်လာခဲ့တာပါ။ ၂၀၂၂ Q1 စမတ်ဖုန်းတင်ပို့မှုအနေနဲ့ ၅၆.၄ သန်း ရှိခဲ့ပါတယ်။ Xiaomi ၊ OPPO နဲ့ Vivo တို့ရဲ့ ဖုန်းတင်ပို့မှုကတော့ နှစ်အလိုက်တိုးတက်မှု ၂၁% ၊ ၂၀.၉% နဲ့ ၂၁.၅% စီ အကျပြခဲ့ပါတယ်။
၂၀၂၂ Q2 အတွင်း Xiaomi ၊ OPPO နဲ့ Vivo တို့ဟာ ဖုန်းတင်ပို့မှု ၃၉.၄ သန်း ၊ ၂၅.၇ သန်း နဲ့ ၂၄.၈ သန်းစီ ရှိခဲ့ပြီး ကမ္ဘာ့ထိပ်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ် ၅ မျိုးစာရင်းမှာ Apple နောက် နံပါတ်စဉ်အလိုက် ရပ်တည်နေခဲ့ပါတယ်။ ထူးခြားတဲ့ မှတ်တမ်းတစ်ခုအနေနဲ့ Huawei ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်တဲ့ Brand တစ်ခုဖြစ်လာတဲ့ Honor ဟာ နှစ်အလိုက်ဈေးကွက်ဖွံ့ဖြိုးမှု ၁၂၅.၄% အထိ တက်လာခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် Q2 ကာလအတွင်း Honor ဟာ ဈေးကွက်ဝေစု ၂% ၊ စမတ်ဖုန်းတင်ပို့မှု ၆.၇ သန်း ရှိခဲ့ရာကနေ ဒီနှစ် ဧပြီ-ဇွန် သုံးလပတ်အတွင်း စမတ်ဖုန်းအလုံးရေ ၁၅.၁ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၅% ရလာခဲ့တာ ဖြစ်ပါတယ်။ Honor ဟာ Realme ၊ Motorola ၊ Tecno နဲ့ Huawei တို့ကို ကျော်ပြီး ဖွံ့ဖြိုးမှုအမြန်ဆုံးအမှတ်တံဆိပ်အဖြစ် တိုးတက်လာတာလည်း ဖြစ်ပါတယ်။