ဒီဂီယာကတော့ နှစ်ဂိုးလုံးကို ပင်နယ်တီဧရိယာအပြင်ကနေ ပေးလိုက်ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်တို့ ပေးလိုက်ရတဲ့ ဂွန်ဒိုဂန်ရဲ့ သွင်းဂိုးတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေက ဂိုးသမား ဒီဂီယာကို ပြစ်တင်ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ ဂွန်ဒိုဂန်က မန်စီးတီးရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးလုံးကို ဧရိယာအပြင်ဘက်ကနေပဲ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။



ပွဲအစ (၁၅) စက္ကန့်မပြည့်ခင်မှာတင် ဂွန်ဒိုဂန်က မန်စီးတီးအတွက် ဧရိယာအပြင်ကနေ ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒါဟာ အက်ဖ်အေဖလားဗိုလ်လုပွဲတစ်လျှောက် အမြန်ဆုံး သွင်းဂိုးတစ်ဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ပြစ်ဒဏ်ဘောကတစ်ဆင့် ဂွန်ဒိုဂန်က ဘယ်ခြေနဲ့ ဧရိယာအပြင်ကနေ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီလိုမျိုး ဂိုးတွေပေးလိုက်ရတဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေက ဒီဂီယာရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေကြပြီး ဝေဖန်ပြစ်တင်မှုတွေ ရှိနေပါတယ်။ ပထမဂိုးမှာတော့ ဂွန်ဒိုဂန်ရဲ့ ကန်ချက်ကို ဒီဂီယာ ကာကွယ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပေမယ့် ဒုတိယဂိုးမှာတော့ ဒီဂီယာတစ်ယောက် ကာကွယ်နိုင်သင့်တယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

ဂွန်ဒိုဂန်ရဲ့ ဘယ်ခြေကန်ချက်က အရမ်းကြီး မကောင်းမွန်ပေမယ့် ရှေ့မှာ ကစားသမားတွေနဲ့ ရှုပ်နေတဲ့ ဒီဂီယာ ကာကွယ်နိုင်ဖို့ အခက်တွေ့ခဲ့ရပြီး မန်စီးတီးကို အနိုင်ဂိုးပေးလိုက်ရတာပါ။ ပရိသတ်တွေက “ဒီဂီယာကတော့ ဒီပွဲပြီးတာနဲ့ အသင်းကနေ ထွက်ရဖို့ သေချာပါပြီ” “ဒီဂီယာက ဘာကြောင့် ဒီဘောလုံးကို မကာကွယ်နိုင်ခဲ့ရတာလဲ” အစရှိသဖြင့် အမျိုးမျိုး ဝေဖန်ခဲ့ကြပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ကလည်း ဒီဂီယာကို မဝေဖန်ခဲ့ပေမယ့် ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ပတ်သက်လို့ စိတ်ပျက်စရာဖြစ်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဂိုးသမားအသစ်တစ်ယောက် ရှာဖွေမှာဖြစ်ပြီး တန်ဟက်ခ်ကလည်း ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖြစ်သည့်တိုင် ပထမဂိုးသမားနေရာအတွက် အာမခံချက်မရှိတော့ကြောင်း အသိပေးထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က