ချဲလ်ဆီးဂန္တဝင်နောက်ခံလူဟောင်းကြီး ဂျွန်တယ်ရီရဲ့ ဖုန်းခေါ်ဆိုမှုက ကစားသမားဘဝကို အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒကလန်ရိုက်စ်က ပြောကြားလာပါတယ်။ အသက် (၂၂) နှစ်အရွယ် ဒကလန်ရိုက်စ်ဟာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေပြီး ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ကစားသမားပါ။
ဒကလန်ရိုက်စ်ဟာ ချဲလ်ဆီးလူငယ်ကစားသမားဟောင်းတယောက်ဖြစ်ပြီး (၂၀၁၄) မှာတော့ ချဲလ်ဆီးကနေ ထွက်ခွာခဲ့ရပါတယ်။ ချဲလ်ဆီးက ထွက်ခွာပြီးနောက် စိတ်ဓာတ်ကျနေတဲ့ ဒကလန်ရိုက်စ်ကို တယ်ရီက ဖုန်းခေါ်ဆိုခဲ့ပြီး အားပေးခဲ့တာနဲ့ပတ်သက်လို့ ကာယကံရှင်ကိုယ်တိုင်က အခုလိုပဲ ပြောကြားလာပါတယ်။
ဒကလန်ရိုက်စ်က “ဂျွန်တယ်ရီက လူငယ်ကစားသမားတွေ၊ သူတို့ရဲ့မိဘတွေ၊ မိသားစုတွေနဲ့ စကားပြောဖို့ အချိန်ပေးလေ့ရှိပါတယ်။ အသင်းခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုလုပ်နိုင်တာက သူ့ရဲ့အရည်အချင်းတခုပါပဲ။ ငယ်ဘဝမှာ ကျနော့်ရဲ့ ကစားပွဲတခုလုံးကို တယ်ရီအပေါ်မှာပဲ မူတည်ခဲ့တာပါ”
“ကျနော် ချဲလ်ဆီးနဲ့ စာချုပ်ဖျက်ခဲ့တုန်းက သူ ကျနော့်ဆီ ဖုန်းခေါ်ပြီး (၄၅) မိနစ်လောက်ကြာအောင် စကားပြောခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျနော်က အခန်းထဲမှာ အဖေနဲ့အတူထိုင်နေတာပါ။ ကျနော့်ဆီ ဖုန်းခေါ်တဲ့သူက ဂျွန်တယ်ရီတဲ့။ ကျနော် ယုံတောင် မယုံနိုင်ပါဘူး”
“သူက သူ့ရဲ့ အတွေ့အကြုံတွေနဲ့ အကြံဥာဏ်တွေ အကုန်လုံးကို ကျနော့်ကို ပြောပြခဲ့ပြီး ဘယ်တော့မှမရပ်တန့်ဖို့၊ အလုပ်ကြိုးစားဖို့နဲ့ အရာအားလုံးပေးဆပ်ဖို့ မှာလိုက်ပါတယ်။ အဲ့ဒါတွေက ကျနော့်ခေါင်းထဲမှာရှိနေဆဲဖြစ်ပြီး အဲ့ဒါကြောင့်လည်း အခုလိုနေရာမျိုးကို ကျနော် ရောက်နေတာပါ။ အိပ်မက်တွေက အဝေးကြီးမှာ မရှိပါဘူး”
“ကျနော် ဂျွန်တယ်ရီနဲ့ နောက်ဆုံးတွေ့တုန်းက (၂) နာရီလောက်ကြာအောင် မနက်စာ အတူစားခဲ့ကြပါတယ်။ တခါတလေ ကျနော် သူ့ဆီ စာပို့ဖြစ်ပါတယ်။ သူ ကစားသမားဘဝက အနားယူသွားတဲ့အချိန်လိုမျိုးပေါ့။ သူကတော့ ကျေးဇူးကွာ၊ အခုတော့ မင်းအချိန်ရောက်ပြီဆိုပြီး ပြန်ပို့ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။