ပြင်သစ်သတင်းဌာန RMC Sports ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လက်စတာနောက်ခံလူဖိုဖန်နာကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒီကစားသမားအတွက် ချယ်လ်ဆီးက တော်တော်လေးကြိုးစားအားထုတ်ခဲ့ရပြီး လက်စတာဘက်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သဘောတူညီမှုရရှိအောင် ချယ်လ်ဆီးတို့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဒီအပြောင်းအရွှေ့ဟာ ဗဟိုခံစစ်မှူးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတောင်ဖြစ်လာနိုင်တယ်လို့သိရပြီး ဖိုဖန်နာနဲ့ချယ်လ်ဆီးဟာ ၂၀၂၈ ခုနှစ်အထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုသွားလိမ့်မယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူအဖြစ် ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားက ပေါင်သန်း ၈၀ နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဖိုဖန်နာက လက်စတာအတွက် ခြေစွမ်းပြကစားနေသူဖြစ်လို့ နည်းပြဘရန်ဒန်ရော်ဂျာစ်ကိုယ်တိုင်ကလည်း မရောင်းချခဲ့ဘဲ ကစားသမားနဲ့ အငြင်းပွားမှုတချို့ရှိခဲ့ကာ လူငယ်အသင်းနဲ့တောင် လေ့ကျင့်ခိုင်းတဲ့အထိ အပြစ်ပေးခဲ့ပါသေးတယ်။
ဒီတပတ်အစောပိုင်းမှာ ချယ်လ်ဆီးက ဖိုဖန်နာအတွက် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပြီး လက်စတာက ငြင်းပယ်ခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ ဖိုဖန်နာအတွက် ချယ်လ်ဆီးက အနည်းဆုံးပေါင်သန်း ၈၀အထိ ပေးချေရဖွယ်ရှိနေကာ မက်ဂွိုင်းယားရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
ချယ်လ်ဆီးဟာ ဖိုဖန်နာမတိုင်ခင်မှာ နာပိုလီခံစစ်မှူးကူလီဘလီကို ပေါင် ၃၃ သန်းနဲ့ခေါ်ယူထားပြီးဖြစ်ပါတယ်။ ပြင်သစ်သားဖိုဖန်နာ ရောက်ရှိလာခဲ့မယ်ဆိုရင် ချယ်လ်ဆီးဗဟိုခံစစ်အတွဲက ပေါင်သန်း ၁၀၀ ကျော်အထိ တန်ဖိုးရှိလာမှာလည်းဖြစ်ပါတယ်။ စျေးကွက်ပိတ်သိမ်းဖို့ကလည်း ရက်အနည်းငယ်သာလိုတော့လို့ ဖိုဖန်နာအပြောင်းအရွှေ့ကို အမြန်ဆုံးကြေညာဖွယ်ရာလည်းရှိနေပါတယ်။