ပါပူအာ နယူးဂီနီနိုင်ငံမှာ ရစ်ချ်တာစကေး ၇.၂ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
(Photo: @MambaMike13/Twitter)
ငလျင်ဟာ ယနေ့ (မေ ၇ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းက ဘူလိုလိုမြို့ (Bulolo) မှ မိုင် ၂၀ အကွာ မြေအောက်အနက် ၇၉ မိုင်ခန့်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ငလျင်စောင့်ကြည့်ဝက်ဘ်ဆိုက် US Geological Survey ကေဖော်ပြပါတယ်။ ကုလသမဂ္ဂ စာရင်းအချက်အလက်တွေအရ ငလျင်ဗဟိုချက်မှ ၃၁ မိုင်အတွင်း ခန့်မှန်းလူဦးရေ ၁၁၀,၀၀၀ နေထိုင်ကြတယ်လို့ သိရပါတယ်။
ငလျင်ဗဟိုချက်နဲ့ ၁၅၅ မိုင်ကျော်ကွာဝေးတဲ့ ပါပူအာ နယူးဂီနီမြို့တော် Port Moresby မြို့မှာလည်း ငလျင်လှုပ်မှုကို ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ငလျင်ဗဟိုချက်ရဲ့ မြေအောက်အနက် အနေအထားအရ ဆူနာမီရေလှိုင်းအန္တရာယ် မရှိကြောင်း ပစိဖိတ် ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Centre) က ပြောခဲ့ပါတယ်။
(Map: USGS)
လက်ရှိအချိန်အထိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေ မကြားသိရသေးလို့ Port Moresby မြို့ရှိ ပါပူအာ နယူးဂီနီနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက သတင်းထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခဲ့တဲ့ နယ်မြေအတွင်းမှ သတင်းတွေကို သိရှိနိုင်ရန် အချိန်ယူရနိုင်ကြောင်းလည်း အဆိုပါဌာနက ပြောပါတယ်။
ယမန်နှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ပါပူအာ နယူးဂီနီရဲ့ တောင်တန်းဒေသမှာ ရစ်ချ်တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်များ မြေအောက်နစ်မြုပ်ခဲ့ပါတယ်။
(Map: USGS)
ထိုငလျင်ကြီးကြောင့် လူ ၁၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပါပူအာ နယူးဂီနီမှာ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍနဲ့ အခြေခံ အဆောက်အအုံ မပြည့်စုံမှုတွေကြောင့် သက်ရောက်မှုပမာဏကို ရက်နဲ့ချီကြာမှသာ သိရှိနိုင်ကြတယ်လို့ AFP သတင်းကပြောပါတယ်။