ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ဇီယက်ချ်၊ သီယာဂိုဆေးလ်ဗားတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။

ချဲလ်ဆီးက ဒီပွဲမှာ တိုက်စစ်ကို လူကာကူ ဦးဆောင်လာခဲ့ပြီး အိုဒွိုင်း၊ မေဆင်မောင့်၊ ဇီယက်ချ်တို့နဲ့အတူ ကွင်းလယ်မှာလည်း ဂျော်ဂျင်ဟို၊ ကိုဗာဆစ်အတွဲ ပွဲထွက်ခဲ့ပါတယ်။ နောက်တန်းမှာလည်း အက်ဇ်ပီလီကွီတာ၊ ရူဒီဂါ၊ သီယာဂိုဆေးလ်ဗား၊ မီလန်ဆားတို့ ပါဝင်ခဲ့ပါတယ်။



ဟာရီကိန်း ဦးဆောင်လာတဲ့ စပါးက ဘာ့ချ်ဝင်း၊ ဟယ်ရီဝင့်ခ်၊ ဆီဆက်ဂနွန်၊ ဟို့ချ်ဘာ့ချ်၊ ဒိုဟာတီ၊ ဘင်ဒေးဗီးစ်၊ ဒိုင်ယာ၊ ဒေဗာဆင်ဆန်းချက်ဇ်၊ တန်ဂန်ဂါတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတာနဲ့ ချဲလ်ဆီးက တရစပ် ဖိကစားခဲ့ပြီး အိုဒွိုင်းရဲ့ အနီးကပ်ခေါင်းတိုက်ချက်၊ ဇီယက်ချ်ရဲ့ ကန်ချက်တို့ ဂိုးမဖြစ်ခဲ့ပါဘူး။ စပါးနည်းပြ ကွန်တီကတော့ ဒီပွဲအတွက် ခံစစ်ကို လုံအောင် ကျစ်ကျစ်လျစ်လျစ်နဲ့ တည်ဆောက်ခဲ့ပြီး ကောင်တာချောင်းဆော့ဖို့ပဲ ရည်ရွယ်ခဲ့ပါတယ်။

ဟာရီကိန်း မထင်မှတ်ဘဲ တဂိုးရခဲ့ပေမယ့် မပေးခဲ့တာက စပါးအတွက် နစ်နာစရာဖြစ်ခဲ့ပြီး လူကာကူကလည်း အလွဲလွဲအချော်ချော်နဲ့ပဲ အချိန်ကုန်နေတာကြောင့် ပထမပိုင်းမှာ သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ ဒုတိယပိုင်းစစချင်းမှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်။

အိုဒွိုင်းပေးလိုက်တဲ့ ဘောလုံးကို ဇီယက်ချ် ဧရိယာထိပ်ကနေ လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး စပါးဂိုးသမား လိုရစ် ဘာမှမတတ်နိုင်ဘဲ ငေးကြည့်နေလိုက်ရပါတယ်။ အဲ့ဒီနောက်မှာလည်း ချဲလ်ဆီးကပဲ ဂိုးထပ်ရခဲ့ပြီး ပွဲကစားချိန် (၅၄) မိနစ်မှာ မေဆင်မောင့် ကန်တင်ပေးတဲ့ ပြစ်ဒဏ်ဘောကို သီယာဂိုဆေးလ်ဗားက ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပထမပိုင်းထက် ပွဲက ပိုမြန်လာခဲ့ပြီး ကြည့်လို့လည်း ပိုကောင်းခဲ့ပါတယ်။ စပါးအနေနဲ့ ချေပဂိုးရဖို့ ကြိုးစားလာပြီး ချဲလ်ဆီးကလည်း ကစားအားမချဘဲ အပြန်အလှန်ရှိခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေကိုတော့ ထပ်မံမမြင်တွေ့ခဲ့ရပါဘူး။

ချဲလ်ဆီးကတော့ စပါးနဲ့ တလအတွင်း တွေ့ဆုံမှု သုံးကြိမ်လုံးမှာ အောင်ပွဲခံနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကိုလည်း ရပ်တန့်နိုင်ခဲ့သလို ကွန်တီအတွက်လည်း စပါးနည်းပြဘဝ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ခဲ့ရပါတယ်။ 

Share

က္က