ဗီယာရာရဲ့ မနေ့ညက ဗီဒီယိုကိုမှ နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်အပြီးမှာ အဲဗာတန်ပရိသတ်တယောက်ကို ဗီယာရာ ခြေထောက်နဲ့ကန်လွှတ်လိုက်တာကို ပရိသတ်အားလုံး သိရှိပြီးဖြစ်မှာပါ။ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ပထမပိုင်းမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။



ဒုတိယပိုင်းမှာတော့ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ မဖြစ်မနေ အနိုင်လိုအပ်နေတဲ့ အဲဗာတန်ရဲ့ ချေပဂိုးနဲ့အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတဲ့နောက် ဗီယာရာရဲ့ ခရစ္စတယ်ပဲလေ့စ်က အဝေးကွင်းမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲအပြီးမှာ အဲဗာတန်ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့ပြီး အဲဗာတန်ပရိသတ်တယောက်က ဗီယာရာကို ချဥ်းကပ်ခဲ့ချိန်မှာ ဗီယာရာက ဆွဲချုပ်ပြီး ခြေထောက်နဲ့ ကန်လိုက်တာဖြစ်ပါတယ်။

ဗီယာရာရဲ့ကန်ချက်ကြောင့် အဆိုပါပရိသတ် မြက်ခင်းပေါ်လဲကျသွားခဲ့ပြီး အခြားပရိသတ်တွေက ဝင်ဆွဲခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဗီယာရာတယောက် ဘာလို့ ဒီလောက်အထိ အပြင်းအထန် တုံ့ပြန်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းက ဗီဒီယိုနဲ့တကွ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ အဲဗာတန်ပရိသတ်ဟာ ဗီယာရာကို ပါးစပ်ကနေ ဆဲဆိုခဲ့တဲ့အပြင် အနားကပ်ပြီး လက်ခလယ်ပါ ထောင်ပြခဲ့တာကြောင့် ဗီယာရာတယောက် အခုလိုပဲ ခြေထောက်နဲ့ ကန်လွှတ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်က “သောက်တလွဲ ရုပ်ဆိုးကောင်” လို့ ဗီယာရာကို မျက်နှာနားကပ်အော်ဆဲဆိုခဲ့တဲ့အပြင် လက်ခလယ်ကိုပါ မျက်နှာနား ကပ်ထောင်ခဲ့တာပါ။

ဒီဗီဒီယို ထွက်ပေါ်လာတဲ့နောက် ပရိသတ်တွေကတော့ ဗီယာရာရဲ့လုပ်ရပ်ကို နှစ်ထောင်းအားရရှိနေပါတယ်။ ကိုယ့်အသင်းရဲ့နိုင်ပွဲအပေါ်မှာပဲ အောင်ပွဲမခံဘဲ ပြိုင်ဘက်ကို ပုတ်ခတ်တဲ့လုပ်ရပ်အဖြစ် အဆိုပါ အဲဗာတန်ပရိသတ်ကိုလည်း ဝိုင်းဝန်းဝေဖန်နေကြပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ရာသီပိတ်နောက်ဆုံးပွဲအဖြစ် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က