ထိုင်းတို့ ဒီနိုင်ပွဲကြောင့် ဒုတိယအကျော့အတွက် ဖိအားလျော့သွားခဲ့ရပါတယ်။

တော်တော်လေးကို ကြည့်ကောင်းခဲ့တဲ့ပွဲတပွဲဖြစ်ခဲ့ပြီး ထိုင်းကတော့ သူတို့ရဲ့တည်ငြိမ်မှုကို ထပ်မံပြသသွားခဲ့ပါတယ်။ ဒီပွဲမှာ ဗီယက်နမ်က သူတို့ရဲ့ပုံစံတိုင်း မြန်နှုန်းမြင့် ကစားဟန်နဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး ထိုင်းကတော့ ပွဲအရှိန်ကို လိုသလို ထိန်းကျောင်းနိုင်ဖို့ကို အဓိကဦးတည်ခဲ့ပါတယ်။



ဗီယက်နမ်က ပိုဖိကစားနိုင်ခဲ့တယ်ဆိုပေမယ့် ထိုင်းကတော့ ဗီယက်နမ်ကို သူတို့ရဲ့ မဟာဗျူဟာထဲ ခေါ်သွင်းပြီး တန်ပြန်တိုက်စစ်တွေကတဆင့် ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ချာနာတစ်က ဒီပွဲမှာ Class တခုကို ထပ်မံပြသသွားခဲ့ပြီး ထိုင်းရရှိတဲ့ နှစ်ဂိုးလုံးကို သူပဲ သွင်းယူခဲ့တာပါ။


ပထမပိုင်းမှာတည်းက ပွဲကမြိုင်ဆိုင်ခဲ့ပြီး နှစ်သင်းလုံး အဝါကတ်တွေ ပလူပျံအောင် ထိခဲ့ပါတယ်။ ဂိုးတွေမထင်မှတ်ဘဲ ရခဲ့တာက ထိုင်းအတွက် တော်တော်လေး တန်ဖိုးရှိခဲ့တာပါ။ တန်ပြန်တိုက်စစ်ကတဆင့် ချာနာတစ် လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားပြီး ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာ ငြိသွားပေမယ့် ဂိုးဝင်သွားခဲ့ပါတယ်။

ဒုတိယဂိုးကို ပုံဖော်လာပုံက တော်တော်လေးကို လှပသပ်ရပ်လွန်းပြီး ထိုင်းရဲ့ One Touch တွေကို တားဆီးဖို့ ဗီယက်နမ်နောက်တန်း မတတ်နိုင်ခဲ့ပါဘူး။ ဒီဂိုးကိုလည်း ချာနာတစ်ကပဲ အဆုံးသတ် ကန်သွင်းခဲ့ပါတယ်။

ဗီယက်နမ်က ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ထိုင်းရဲ့သိပ်သည်းတဲ့ ခံစစ်ကစားပုံကို ထိုးဖောက်ဖို့ ခက်ခဲခဲ့ပါတယ်။ ငုယင်ကွမ်ဟိုင်ရဲ့ ဖရီးကစ်ကန်ချက် တိုင်ထိထွက်ခဲ့တာ ဗီယက်နမ်အတွက် နစ်နာခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဗီယက်နမ်ကပဲ ဖိကစားခဲ့ပါတယ်။

ဒါပေမယ့် အခွင့်အရေးများများစားစား မဖန်တီးနိုင်တဲ့ ဗီယက်နမ်တို့ ပွဲပြီးခါနီးမှာ ပင်နယ်တီ ပေးလိုက်ရပေမယ့် ဒီပင်နယ်တီကို ချာနာတစ် ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် ၀-၂ ဂိုးနဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဗီယက်နမ်တို့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးနှစ်ကြိမ်ရှိခဲ့ပေမယ့် ဒိုင်လူကြီးက ငြင်းဆန်ခဲ့တာကြောင့် ဗီယက်နမ်တို့ နစ်နာခဲ့ရပါတယ်။  ထိုင်းကတော့ ဒီနိုင်ပွဲကြောင့် ဗိုလ်လုပွဲတက်ဖို့ တော်တော်လေး အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။  

Share

က္က