ဒမ်ဘီလီကို ဒီလမကုန်ခင် အသင်းကထွက်ခိုင်းလိုက်တာပါ။

ဘာစီလိုနာ တာဝန်ရှိသူတွေဟာ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားတော့မှာမဟုတ်ဘဲ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာပဲ အသင်းက ထွက်ခွာခိုင်းလိုက်ပြီလို့ သိရှိရပါတယ်။ ဒီကစားသမားရဲ့ စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။



ဒီအတွက် ဘာစီလိုနာက ကစားသမားကို စာချုပ်သစ် ကမ်းလှမ်းနေပေမယ့် ကစားသမားက တပတ်လုပ်ခ ပေါင် (၇) သိန်းဝန်းကျင်အထိ တောင်းဆိုနေတာကြောင့် နည်းပြ ဇာဗီ အပါအဝင် ဘာစီလိုနာ တာဝန်ရှိသူတွေတောင် ပြောစရာ စကား ဆွံ့အခဲ့ရပါတယ်။

နယူးကာဆယ်က ဒီကစားသမားကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့တုန်းကလည်း ဒမ်ဘီလီနဲ့ သူ့ရဲ့အေးဂျင့်တို့က ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် လစာအထိ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ ဘာစီလိုနာကို ရောက်ရှိလာပြီးနောက်ပိုင်း နေမာရဲ့ နေရာကို အကောင်းဆုံး အစားထိုးနိုင်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကစားသမားက ဒဏ်ရာပြဿနာတွေ၊ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အမြဲတမ်း ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာလည်း သူ့ရဲ့ အတ္တကြောင့် ဘာစီလိုနာကို စွန့်ခွာရတော့မှာပါ။

ဒမ်ဘီလီရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်လို့ ဘာစီလိုနာရဲ့ ဒါရိုက်တာ အယ်လ်မန်နီက “ဒမ်ဘီလီက ဘာစီလိုနာမှာ ဆက်မရှိချင်တာ ရှင်းလင်းသေချာသွားပါပြီ။ သူက ကျနော်တို့ စီမံကိန်းတွေရဲ့ အစိတ်အပိုင်းတခုအဖြစ် ဆက်မနေချင်ပါဘူး။ ဒမ်ဘီလီကို အသင်းကနေ ချက်ချင်းထွက်သွားဖို့ ကျနော်တို့ ပြောပြီးပါပြီ”

“အခု လာမယ့် ဇန်နဝါရီ (၃၁) မတိုင်ခင်မှာပဲ ဒမ်ဘီလီကို ရောင်းထုတ်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့အတွက် ကစားသမား ခေါ်ယူမှုအဖြစ် မန်စီးတီးတိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က