ကွင်းက ခြောက်သွေ့နေခဲ့လို့ ကစားရခက်တယ်လို့ ပြောခဲ့တာပါ။

ဖူလ်ဟမ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲအပြီးမှာတော့ လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်က ကွင်းခြောက်သွေ့နေခဲ့တာကို အပြစ်တင်ပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။ လန်ဒန်မှာ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး တန်းတက်ဖူလ်ဟမ်ကို နောက်ကလိုက်ကစားခဲ့ပြီး သရေတမှတ်ရဖို့အတွက် အသည်းအသန်အားထုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဖူလ်ဟမ်အတွက် မီထရိုဗစ်က ၂ ဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အတွက် ဒါဝင်နူနက်ဇ်နဲ့ ဆာလာတို့က ချေပပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ BT Sports နဲ့ အင်တာဗျူးပြုလုပ်ခဲ့ချိန်မှာ ယာဂင်ကလော့ပ်က အခုလိုမျိုး ထူးထူးဆန်းဆန်းဆင်ခြေပေးမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဆင်ခြေပေးမှုကို ပရိသတ်တွေက လှောင်ပြောင်ရယ်မောနေကြပြီဖြစ်ပါတယ်။ 

'ကျနော်တို့ဘက်က တကယ့်ကိုဆိုးရွားလွန်းလှတဲ့ ကစားပွဲတခုကနေ တမှတ်ရရှိခဲ့ပါတယ်၊ အခုတော့ ဒါက ဘယ်လိုများဖြစ်နိုင်မလဲဆိုပြီး မေးခွန်းတခုဖြစ်နေပါပြီ၊ အစကတည်းက ကျနော်တို့ဘက်က attitude မမှန်ကန်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြန်ဝင်ဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့်လည်း မလွယ်ကူခဲ့တော့ပါဘူး၊ ကွင်းကလည်းခြောက်သွေ့နေခဲ့တယ်၊ အချိန်အများစုမှာ ကျနော်တို့က သူတို့ရဲ့ကတ်တွေနဲ့ပဲ ကစားခဲ့ရတာပါ"

"ရလဒ်ကတော့ အဆင်ပြေပါတယ်၊ ဒီထက်ပိုပြီးတော့ ထိုက်တန်တယ်လို့လည်း ကျနော်မထင်ပါဘူး၊ ဒါပေမယ့် အသင်းစွမ်းဆောင်ရည် တိုးတက်ဖို့ကတော့ သေချာပေါက်အကြီးအကျယ်ကိုလိုအပ်ပါတယ်" လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်ဟာ အရင်ကလည်း အသင်းရလဒ်ပိုင်းဆိုးရွားရင် အကြောင်းပြချက်တွေ ပေးပြီး ပြောဆိုခဲ့တာတွေ လုပ်ခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း ကိုဗစ်ကပ်ရောဂါ၊ ဆီးနှင်းတွေကျဆင်းမှု၊ ကွင်းထဲလေတိုက်ခတ်နှုန်း၊ အပူချိန် နဲ့ ပရိသတ်တွေ ကွင်းထဲလာရောက်အားမပေးနိုင်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်တွေကို ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။ ဒီပွဲမှာတော့ ကလော့ပ်အတွက် တခုတည်းသော စိတ်က​ျေနပ်စရာက တိုက်စစ်မှူးသစ်ဒါဝင်နူနက်ဇ်က လူစားဝင်လာပြီး တဂိုးသွင်း၊ တဂိုးဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က