ဂျာမနီလက်ရွေးစင်နည်းပြ ဟန်ဆီ ဖလစ်ကို ချဲလ်ဆီးအသင်းက ဖူလ်ဟမ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ စတမ်းဖို့ဒ် ဘရစ်ချ်က ပွဲစဉ်အတွင်း ပရိသတ်တွေကြားထဲမှာ မြင်တွေ့ခဲ့ရတာကြောင့် နည်းပြ ဂရေဟမ် ပေါ့တားရဲ့ အနာဂတ်ဟာ ပြင်းထန်တဲ့ဖိအားတွေအောက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ပေါ့တားဟာ ချဲလ်ဆီးအသင်းနည်းပြဘဝကို အကောင်းဆုံးစတင်နိုင်ခဲ့ခြင်းမရှိသူဖြစ်ပြီး စက်တင်ဘာလမှာ တူဟယ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတဲ့အချိန်ကတည်းက အသင်းရဲ့ ကံကြမ္မာကို အပြောင်းအလဲ ပြုလုပ်ပေးနိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ့တားရဲ့ ချဲလ်ဆီးနည်းပြဘဝ အဖွင့် ၂၂ ပွဲမှာ ၉ ပွဲနိုင် ၇ ပွဲရှုံးနိမ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေခဲ့တာကြောင့် ဘရိုက်တန်နည်းပြဟောင်းရဲ့အနာဂတ်က မရေမရာဖြစ်လာခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ၂၀၂၃ ခုနှစ်ကို ကူးပြောင်းပြီးနောက် တစ်ပွဲသာ နိုင်ပွဲ ရရှိထားသေးတာ ဖြစ်ပါတယ်။ မေးခွန်းထုတ်စရာ ခြေစွမ်းအပြင် ချဲလ်ဆီးအသင်းရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ငွေကြေးသုံးစွဲမှုဟာ ပေါင်သန်း ၃၂၀ ကျော်အထိ ရှိခဲ့ပြီး ဂျာအို ဖီလစ်၊ မာဒရစ်ခ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ အပါအဝင် ကစားသမားသစ် ၉ ဦးအထိ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာလည်း ချဲလ်ဆီးအသင်းက ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူခဲ့တာဖြစ်တာကြောင့် ဒီလို ငွေကြေးသုံးစွဲမှုတွေကြောင့် ရလဒ်ပိုင်းကတော့ ကောင်းမွန်လာရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ စိတ်ပျက်စရာ ရလဒ်တွေ ရင်ဆိုင်နေရချိန်မှာ ဂရေဟမ် ပေါ့တားအတွက် နောက်ထပ် သတင်းဆိုးဖြစ်လာတာကတော့ ၎င်းရဲ့နေရာမှာ အစားထိုးခန့်အပ်ခြင်း ခံရနိုင်ခြေရှိတဲ့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဟန်ဆီ ဖလစ်ကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ချဲလ်ဆီးဘုတ်အဖွဲ့ဟာ ပေါ့တားကို ၎င်းရဲ့အကြံအစည်တွေနဲ့အတူ ကိုယ်ပိုင်အသင်းတစ်သင်း တည်ဆောက်နိုင်အောင် ယခုရာသီထက်ကျော်လွန်ပြီး အားပေးထောက်ခံသွားမယ်လို့ ကတိပေးထားခဲ့ပေမယ့်လည်း ဂျာမနီလက်ရွေးစင်နည်းပြရာထူးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံနေရတဲ့ ဟန်ဆီ ဖလစ်ဟာ ချဲလ်ဆီးနည်းပြရာထူးနဲ့ ကောလာဟလတွေ စတင်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ဟာ ချဲလ်ဆီးအသင်းက မန်ချက်စတာစီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက ပွဲစဉ်ကိုလည်း ဂျာမနီလက်ရွေးစင်ကစားသမားအများအပြား ပါဝင်ကစားမှာဖြစ်တာကြောင့် တက်ရောက်ကြည့်ရှုခဲ့ဖူးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာ မတူညီတာကတော့ ချဲလ်ဆီးနဲ့ ဖူလ်ဟမ်တို့ ကစားခဲ့တဲ့ပွဲမှာ ဂျာမနီကစားသမားဆိုလို့ ခိုင် ဟာဗတ်ဇ်တစ်ဦးတည်းသာ ပါဝင်တာဖြစ်တာကြောင့် ဂျာမနီလက်ရွေးစင်နည်းပြဟာ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီနဲ့ တွေ့ဆုံဖို့ အဓိကရည်ရွယ်ချက်နဲ့ လာရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။