မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အဲဗာတန်တို့ပွဲမှာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင်နဲ့ တိုက်စစ်ကစားသမား မာဒူအီကီတို့ဟာ ပါးလ်မားဆီက ပင်နယ်တီကို လုကန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ချဲလ်ဆီးတို့ ပွဲကစားချိန် (၆၄) မိနစ်မှာ ပင်နယ်တီရရှိခဲ့တာပါ။
ဒီပင်နယ်တီရရှိချိန်မှာ ချဲလ်ဆီးတို့ လေးဂိုးပြတ်နဲ့ အနိုင်ရရှိထားသလို ပါးလ်မားကလည်း ဟက်ထရစ်၊ ဂျက်ဆင်ကလည်း တစ်ဂိုး သွင်းယူထားပြီးဖြစ်ပါတယ်။ ပင်နယ်တီရရှိချိန်မှာတော့ ဂျက်ဆင်က ပင်နယ်တီ ကန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။
ဒါ့အပြင် မာဒူအီကီလည်း ပင်နယ်တီကန်ဖို့ ကြိုးစားခဲ့ကြပြီး ချဲလ်ဆီးပရိသတ်တွေအတွက် စိတ်ပျက်စရာ မြင်ကွင်းကို မြင်တွေ့ခဲ့ရတာပါ။ ချဲလ်ဆီးရဲ့ ပင်နယ်တီတွေကို ပင်တိုင်ကန်သွင်းနေကျ ပါးလ်မားကလည်း အလျှော့မပေးခဲ့ဘဲ သူကိုယ်တိုင် ကန်သွင်းဖို့သာ ပြင်ဆင်ခဲ့ပါတယ်။
သုံးယောက်အကြား ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ချဲလ်ဆီးအသင်းခေါင်းဆောင် ဂယ်လာဂါက ဝင်ရောက်ဖျန်ဖြေခဲ့ပြီး ပါးလ်မားကိုသာ ပင်နယ်တီကန်သွင်းဖို့ ဖြေရှင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီပင်နယ်တီကို ပါးလ်မားက အမှားအယွင်းမရှိဘဲ ဂိုးဝင်အောင် ကန်သွင်းကာ ချဲလ်ဆီးတို့ ငါးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပါးလ်မားဟာ ဒီသွင်းဂိုးကြောင့် မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သွင်းဂိုး (၂၀) နဲ့ ပူးတွဲ ရပ်တည်နေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပင်နယ်တီလုကန်ခဲ့ကြတဲ့ ဂျက်ဆင်နဲ့ မာဒူအီကီတို့ကိုလည်း ချဲလ်ဆီးပရိသတ်တွေက ဝေဖန်နေပြီး ဟာလန်းနဲ့ ဂိုးအရေအတွက် တူညီမယ့် ပါးလ်မားကို ဒီလိုမျိုး မပြုမူသင့်ဘူးလို့လည်း ဆိုနေကြပါတယ်။