ရှက်တာဒိုးနတ်နည်းပြဟောင်း အန်ဒရေးယက်စ် ကာရက်စ်ကိုက မိုင်ခေလို မာဒရစ်ခ်ဟာ ချဲလ်ဆီးအစား အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့သင့်တယ်လို့ ယုံကြည်နေပါတယ်။
ယူကရိန်းလက်ရွေးစင်ကြယ်ပွင့်ဟာ လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ဒုတိယပိုင်း လူစားဝင်ကစားသမားအဖြစ် အထင်ကြီးဖွယ်ပွဲဦးထွက် ခြေစွမ်းကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာဒရစ်ခ်ရဲ့ ခွန်အားနဲ့ စွမ်းရည်က ၎င်းဟာ ဘယ်လောက်အထိ အန္တရာယ်ရှိတဲ့ ကစားသမားလဲဆိုတာကို ပြသခဲ့တာဖြစ်ပြီး လီဗာပူးလ်ဝါရင့်တောင်ပံကစားသမား ဂျိမ်းစ် မီလ်နာကို ပြဿနာတွေ ဖြစ်စေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းက မာဒရစ်ခ်ကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်း ရှက်တာဒိုးနတ်အသင်းကို ဈေးပိုပေးခေါ်ယူသွားခဲ့တာဖြစ်ပြီး ကာရက်စ်ကိုက အသက် ၂၂ နှစ်အရွယ်တောင်ပံကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု မရှိခဲ့တာ ဖြစ်ပါတယ်။ "ချဲလ်ဆီးက မကြာသေးမီက အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့အသင်းပါ။ ဒါပေမယ့် အမြင့်မားဆုံးရလဒ်တွေကို အမြဲတမ်း မျှော်လင့်ထားတဲ့အသင်းမှာ ရှိနေရတာက မာဒရစ်ခ်အတွက် ကောင်းပါတယ်"
"အခု အသားကျအောင်လုပ်တဲ့ အချိန်ကာလကို ဖြတ်သန်းဖို့ လိုအပ်နေပါတယ်။ သူ့အတွက် ချဲလ်ဆီးကို ပြောင်းတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ်ဆိုတာကို အချိန်ကပဲ ပြောသွားပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။ ရှက်တာဒိုးနတ် နည်းပြဟောင်းက ဂန်းနားတွေရဲ့ တိုက်စစ်ကစားဟန်ကြောင့် မာဒရစ်ခ်အတွက် အမ်းမရိတ်စ်ဟာ ပိုမိုအံဝင်တဲ့ နေရာဖြစ်ခဲ့နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
"ဒီနေ့ အာဆင်နယ် သူတို့ရဲ့ ကစားဟန်နဲ့အတူ လိမ်ခေါက်မှုတွေနဲ့ တစ်ဦးချင်း ကစားတတ်တဲ့ မာဒရစ်ခ်အတွက် ပိုပြီး သင့်တော်တဲ့အသင်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာက သူ့အတွက် ပိုပြီကောင်းမွန်ခဲ့ပါလိမ့်မယ်။ မာဒရစ်ခ်က အရည်အချင်းရှိတယ်။ အရမ်းလျင်မြန်တယ်။ သူ့ရဲ့ အားသာချက်က သူ့ရဲ့ မြန်နှုန်းနဲ့ အလိမ်အခေါက်ကို အသုံးပြုပြီး တစ်ဦးချင်း ကစားနိုင်စွမ်းရှိတာပဲ။ သူက ပုံမှန် ယူကရိန်းကစားသမားမျိုးမဟုတ်ပါဘူး။ မာဒရစခ်က အခုအချိန်မှာ အရည်အချင်းအရှိဆုံး ယူကရိန်းကစားသမားပဲ သူက အားလုံးနဲ့ အရမ်းကွာခြားနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။