ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြီးခဲ့တဲ့နွေရာသီမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၈ သောင်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းခဲ့ပေမယ့်လည်း ကလပ်အသင်းအများအပြားက အဲဒီအခွင့်အရေးကို ရယူဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ဖြေကြားပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကို စွန့်ခွာချင်ခဲ့ပေမယ့်လည်း ထွက်ခွာခွင့်မရခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ သြဂုတ်လမှာ ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ရော်နယ်လ်ဒိုကို ခေါ်ယူမယ့်အသင်း ရှိတယ်ဆိုရင် ထွက်ခွာခွင့် ပေးချင်ခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဘလွန်ဒေါ ၅ ဆုရှင်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်း ဝန်းကျင် ပေးချေနေခဲ့ရတာဖြစ်တာကြောင့် စိတ်ဝင်စားလာတဲ့ အသင်းရှိလာခဲ့ပြီး ရော်နယ်လ်ဒိုကလည်း အပြောင်းအရွှေ့ ပြုလုပ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ပေါ်တူဂီတိုက်စစ်မှူးရဲ့လစာကို ရာခိုင်နှုန်းတစ်ခုအထိ လိုလိုလားလားပေးချင်သွားချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းတော်တော်များများက ရော်နယ်လ်ဒိုလိုမျိုး ဘလွန်ဒေါ ၅ ရှင်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၈ သောင်းလောက်နဲ့ ခေါ်ယူနိုင်မယ့်အခွင့်အရေးရတာတောင်မှ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိခဲ့ကြဘူးလို့ The Athletic ရဲ့သတင်းအရ သိရပါတယ်။
တသက်တာနိုင်ငံတကာထိပ်တန်းသွင်းဂိုးရှင်ဟာ ပေါင်သန်း ၃၀၀ ကျော်တန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ပြီးခဲ့တဲ့နွေရာသီမှာ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ရော်နယ်လ်ဒိုဟာ စိတ်ပြောင်းလိုက်ပြီဖြစ်ပြီး ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းနဲ့ အတူရှိနေချိန်အတွင်း အဲဒီသတင်းတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။