ဒါဝင်နူနက်ဇ် ဒဏ်ရာပြဿနာရှိခဲ့တာပါ။

လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ မနေ့ကပြုလုပ်ခဲ့တဲ့ ရာဇမင်္ဂလာကွင်းကြီးထဲက လေ့ကျင့်ခန်းအစီအစဥ်မှာ ခြေထောက်ပြဿနာပေါ်ခဲ့တာကြောင့် လေ့ကျင့်ခန်းကို အပြည့်အဝမဆင်းနိုင်ခဲ့ဘူးလို့ သိရှိရပါတယ်။ အဆိုပါပေါင် (၈၅) သန်းတန် တိုက်စစ်မှူးကြီးရဲ့ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အနားပေးလိုက်ရတာဖြစ်ပါတယ်။



အဆိုပါဥရုဂွေးတိုက်စစ်မှူးကြီးဟာ ဒီကနေ့ညမှာ ကစားမယ့် ယူနိုက်တက်နဲ့ရာသီကြိုခြေစမ်းပွဲမှာ လီဗာပူးကစားသမားဘဝ ပထမဆုံးပွဲအဖြစ် ပါဝင်ကစားဖို့ ပစ်မှတ်ထားနေတာပါ။ ဒါပေမယ့် အခုပြဿနာကြောင့် ဒီပွဲကို ပါဝင်ကစားဖို့ မသေချာတော့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။ နူနက်ဇ်ဟာ လေ့ကျင့်ခန်းအစီအစဥ်တွေ မပြီးဆုံးခင်မှာတင် အသင်းဆရာဝန်နဲ့ တိုင်ပင်ကုသမှုခံယူခဲ့ပြီး အသင်းဘက်ကတော့ နူနက်ဇ်ကို ဒီကနေ့ညမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့ မျှော်လင့်နေဆဲပါ။

လီဗာပူးဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ မာနေးကို လက်လွှတ်ခဲ့ရပြီး ဒီအတွက် ဒါဝင်နူနက်ဇ်၊ ဆာလာ၊ လူးဝစ်ဒီယက်ဇ်တို့က လာမယ့်ရာသီအသင်းရဲ့ တိုက်စစ်အတွက် အဓိကတွဲဖက်ဖြစ်လာနိုင်ပါတယ်။ အဆိုပါဥရုဂွေးတိုက်စစ်မှူးအတွက် လီဗာပူးတို့ ပေးချေထားရတဲ့ ပြောင်းရွှေ့ကြေးကလည်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးတရပ်ဖြစ်ပါတယ်။

ဒါဝင်နူနက်ဇ်နည်းတူ ပြိုင်ဘက် ယူနိုက်တက်က ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းရား၊ ဗာရန်းတို့ကလည်း ဒီကနေ့ညပွဲမှာ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ ဗာရန်းဟာ မနေ့က ရာဇမင်္ဂလာကွင်းကြီးထဲ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပြီး မက်ဂွိုင်းရားကလည်း တယောက်တည်း သီးသန့်လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်။

လီဗာပူးဟာ ရာသီကြိုခြေစမ်းခရီးစဥ်တွေအတွက် ကစားသမား (၃၇) ယောက်ခေါ်ယူလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲအပြီးမှာတော့ လီဗာပူးက Standard Chartered Singapore Trophy အတွက် ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ဖို့ စင်ကာပူကို ခရီးဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က