ပေါင်မုန့်ဖုတ်တဲ့ပညာကို ပြင်သစ်နိုင်ငံမှာလေ့လာသင်ယူခဲ့သူလည်းဖြစ်ပါတယ်။

“ ပေါင်မုန့်တစ်လုံးဖုတ်ပြီးတိုင်း ကိုယ့်အတွက်စိတ်ကျေနပ်မှုအကြီးကြီးကို ခံစားရစေတယ်” လို့ ဆိုလာသူက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ပေါင်မုန့်ဆိုင် ပိုင်ရှင်လည်းဖြစ် Baker တစ်ဦးလည်းဖြစ်တဲ့ မဆာရာပါ။ သာမန်ရုံးဝန်ထမ်းဘဝကအနေဝါသနာကို အရင်းခံပြီး ဖြစ်လာတဲ့ မဆာရာရဲ့ စိတ်ကြောင့် Baker (ပေါင်မုန့်ဖုတ်သူ) တစ်ဦးဖြစ်လာသလို လက်ရှိသူရှင်သန်ရပ်တည်နေရတဲ့ ဘဝကိုလည်း ကျေနပ်နေသူတစ်ဦးပါ။

ရုံးဝန်ထမ်းဘဝကနေ ဝါသနာကိုအကောင်အထည်ဖော်ခဲ့သူ

ပေါင်မုန့်ဆိုင်ရှင်ဖြစ်တဲ့ မဆာရာဟာ အရင်က NGO ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ငန်းပေါင်းများစွာမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်က ဖန်တီးသူတစ်ယောက်အဖြစ်ရှင်သန်ရတာကို ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပုံမှန်လည်ပတ်နေရတဲ့ ရုံးဝန်ထမ်းဘဝက သူ့အတွက် ငြီးငွေ့စရာဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် သူဝါသနာပါရာ အလုပ်တွေလုပ်ကိုင်ဖို့ ရုံးဝန်ထမ်းဘဝကနေ အလုပ်ထွက်ပြီး စိန်ခေါ်မှုတွေကို စတင်ခဲ့ရာက ဒီပေါင်မုန့်ဆိုင်လေးဖြစ်လာတာပါ။

“ ရုံးအလုပ်တွေက တစ်နေ့တစ်နေ့ Laptop နဲ့ပဲ အချိန်ကုန်နေတာဆိုတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ခံစားချက်အရ အကျိုးသက်ရောက်မှု မရှိဘူးလို့ ခံစားလာရတယ်။ တစ်နေ့တစ်နေ့ ရုံးကို သွားတယ်။ ကွန်ပျူတာရှေ့မှာ ထိုင်တယ်။ အိမ်ပြန်တော့လည်း ဘာမှလက်ဆုပ်လက်ကိုင်မရှိဘူး ။ ထုတ်ကုန်မရှိဘူးပေါ့နော်။ ထုတ်ကုန်မရှိတဲ့ အလုပ်ကိုပဲ လုပ်နေရတဲ့ အခါကျတော့ နေ့တိုင်းက ပျင်းလာတယ်။ အဲဒါနဲ့ ထုတ်ကုန်ရှိတဲ့အလုပ်ကို လုပ်ချင်တော့ အလုပ်ကို ထွက်လိုက်တယ်။ ကိုယ်ပိုင်ချိန်မှာ ဘာလုပ်လဲဆိုတော့ ပေါင်မုန့်ဖုတ်တယ်။ ပေါင်မုန့်ဖုတ်ရတာ ကြိုက်တယ်။ သူငယ်ချင်းတွေ မိသားစုတွေက ပေါင်မုန့်ဖုတ်တာကောင်းတယ် ရောင်းပါလားဆိုပြီးတော့ ပေါင်မုန့်စပြီးရောင်းကြည့်တော့ပါ။ စပြီးရောင်းတုန်းက တောင်ကြီးမှာပါ။ ကာစတန်မာတွေက အရမ်းကောင်းတယ်။ စားသုံးသူတွေက လက်ခံလာတော့ ပိုကောင်းတဲ့ ကွာလတီတစ်ခုကို ပေးချင်တာကြောင့် ပဲရစ်မှာ သွားသင်တယ်။ သွားသင်ပြီး ပြန်လာတော့ ရန်ကုန်မှာ ပေါင်မုန့်ဆိုင်ဖွင့်ဖြစ်တာပေါ့။ ” လို့ မဆာရာက ပြောပြပါတယ်။

မဆာရာရဲ့ ထူးခြားတဲ့ပေါင်မုန့်ဆိုင်

ရန်ကုန်မြို့မှာ ပေါင်မုန့်ဆိုင် မြောက်မြားစွာရှိပေမယ့် ဒီဆိုင်လေးကတော့ သာမန်ပေါင်မုန့်ဆိုင်တွေနဲ့ ကွဲပြားပါတယ်။ ပေါင်မုန့်နိုင်ငံရယ်လို့ သတ်မှတ်ရမယ့် ပြင်သစ်နိုင်ငံမှာ စားကြတဲ့ပေါင်မုန့်အမျိုးအစားတွေကို ဒီပေါင်မုန့်ဆိုင်မှာ တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ပြင်သစ်နိုင်ငံက ရပ်ကွက်ပေါင်မုန့်ဆိုင်လေးတစ်ခုကို ရောက်သွားတဲ့ ခံစားချက်မျိုးရစေပြီး တကယ့်ကို ပြင်သစ်လူမျိုးတွေစားကြတဲ့ ပေါင်မုန့်တွေကို ရောင်းချတာကိုက အခြားပေါင်မုန့်ဆိုင်တွေနဲ့ မတူတဲ့ ထူးခြားချက်ပါ။ နောက်တစ်ခုက ဆိုင်နာမည်ကို ပေါင်မုန့်ဆိုင်လို့ အမည်ပေးထားတာကလည်း ဒီဆိုင်လေးရဲ့ ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေပြန်ပါတယ်။ ဒီလိုပေါင်မုန့်ဆိုင်လို့ နာမည်ပေးရတဲ့အကြောင်းရင်းကလည်း ပြင်သစ်နိုင်ငံမှာ နာမည်ပေးကြတဲ့ပုံစံအတိုင်း ပေးထားတာလို့ ဆိုပါတယ်။

“ ပြင်သစ်မှာက ပေါင်မုန့်က နေ့တိုင်းအစားအစာ ဖြစ်တယ်။ သူတို့လူနေမှုဘဝမှာ ပေါင်မုန့်ကို ဘယ်လိုပြင်ဆင်လဲ ဆိုတာကို လေ့လာသင်ယူခဲ့တယ်။ အဲဒီလို လေ့လာပြီးတော့ မြန်မာပြည်ကို ပြန်လာပြီး ပေါင်မုန့်ဆိုင်ဖွင့်လိုက်တာပါ။ ပြင်သစ်မှာတုန်းကဘာကို သတိထားမိလဲဆိုတော့ အရေးကြီးတဲ့ဆိုင်တော်တော်များများပေါ့။ သူတို့ဆီမှာ ပေါင်မုန့်ဆိုင် ၊ ဆေးဆိုင်တို့ ဆေးရုံတို့ ဆိုတာ အရေးကြီးတဲ့ ဆိုင်တွေပေါ့။ အဲလိုဆိုင်တွေဆိုရင် သူတို့က နာမည်ထက်ကို ဘာရောင်းတယ်ဆိုတာ သိသာအောင် ထင်ထင်ရှားရှားကြီး ရေးတတ်တယ်။ ပေါင်မုန့်ဆိုင်ဆို ပေါင်မုန့်ဆိုင်မှန်းတန်းသိတယ်။ အဲဒါလေးကို သဘောကျပြီး ပေါင်မုန့်ဆိုင် လို့ပဲ ပေးလိုက်တာပါ” လို့ ဆိုပါတယ်။

ပေါင်မုန့်ဖုတ်နေရရင် ပျော်နေသူ

ဝါသနာကို အခြေခံတဲ့လုပ်ငန်းဖြစ်တာကြောင့် မဆာရာအတွက် ပေါင်မုန့်ဖုတ်ရတာကိုက ဖန်တီးမှုတစ်ခုလို ခံစားရစေပါတယ်။ ပေါင်မုန့်တစ်လုံးဖုတ်ပြီးသွားတိုင်း လုပ်ငန်းအကြီးကြီးတစ်ခု အောင်မြင်သွားသလို ခံစားရစေတာက သူလုပ်တဲ့အလုပ်အပေါ် စိတ်ကျေနပ်မှု အပြည့်အဝရစေပြန်ပါတယ်။

“ ဂျူံမှုန့်လေးတွေကနေ ပေါင်မုန့်အလုံးကြီး ဖြစ်သွားတဲ့အထိ ဖန်တီးရတာကို ကြိုက်တယ်။ ပေါင်မုန့်ဖုတ်တဲ့လုပ်ငန်းစဉ်က အရမ်းကြာတယ်။ အထူးသဖြင့် ပြင်သစ်နည်းအတိုင်း လုပ်ရတာဆို အရမ်းကြာတယ်။ ပြင်သစ်နည်းဆို ပေါင်မုန့်လုပ်တဲ့လုပ်ငန်းစဉ်က အရှည်ကြီးပဲ။ စိတ်ရှည်ရှည်နဲ့ နယ်စရာရှိတာနယ်ပြီး နှပ်ထား ၊ ဖုတ်ရတာဆိုတော့ အဲဒီလိုလုပ်ရတာက ကိုယ့်ကိုစိတ်ရှည်တတ်ဖို့ သင်ပေးနေသလိုပဲ။  ပေါင်မုန့်တစ်လုံး တစ်လုံးဖုတ်ပြီးတိုင်း အောင်မြင်သွားရင် ရုံးအလုပ်နဲ့ပြောရင် ကိုယ့်ရဲ့ Report အကြီးတစ်ခု ပြီးသွားသလိုခံစားရတယ်။ မနက်ခင်းမှာ သီချင်းလေးနားထောင်ပြီး ပေါင်မုန့်လုပ်နေတဲ့အချိန်မျာ အရမ်းစိတ်အေးချမ်းတယ်။ ပေါင်မုန့်ဖုတ်တာက အစ်မအတွက် Meditation (တရားထိုင်) နေရသလိုပဲ။ “ လို့ မဆာရာက ပေါင်မုန့်ဖုတ်တဲ့အခါ သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

ကိုယ်ပိုင်အရင်းအနှီးနဲ့ စတင်ခဲ့တဲ့မဆာရာရဲ့‌ ပေါင်မုန့်ဆိုင်လေး

ရုံးဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခုကို ပြောင်းရတဲ့အခါမှာ မဆာရာအတွက် သိပ်တော့မလွယ်လှပါဘူး။ စုဆောင်းငွေအနည်းငယ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ခြိုးခြံချွေတာကာ ဝယ်ပြီး ရှိတဲ့အားလေးနဲ့ ကြိုးစားဖွင့်ခဲ့တဲ့ သူ့ရဲ့ ပေါင်မုန့်ဆိုင်လေးက အခုတော့ ပုံမှန်ဖောက်သည်တွေနဲ့ ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်နေပါပြီ။

“ အဓိက အခက်အခဲကတော့ ငွေရေးကြေးရေး သာမန်ဝန်ထမ်းဆိုတော့စုထားဆောင်းထားတာသိပ်မရှိဘူး။ ဒါပေမယ့် ဘာကိုလုပ်ပြချင်လဲဆိုတော့ ပိုက်ဆံတွေအများကြီးရှိမှ ကိုယ်ပိုင်အရင်းအနှီး စရမှာမဟုတ်ဘူး။ ရှိတာနဲ့ရအောင် ကြိုးစားပြီးဖွင့်မယ်ဆိုတဲ့စိတ်နဲ့ပဲလုပ်ခဲ့တာပေါ့။ တောင်ကြီးမှာ စဖွင့်တုန်းကလည်း အစ်မမှာ Oven လေးသေးသေးလေးနဲ့ပဲ ဖုတ်တယ်။ မုန့်နယ်ရင်လည်း ကိုယ်တိုင်လက်နဲ့ပဲ နယ်တယ်။ ဒီမှာ ဆိုင်ဖွင့်တယ်ဆိုတုန်းကလည်း ဆိုင်ကို အရမ်းကြီးလှအောင်မပြင်ဆင်နိုင်ဘူး။၊ ပေါင်မုန့်လုပ်တဲ့အခါမှာ သူ့ရဲ့ ingredient (ပါဝင်ပစ္စည်း) တွေက တအားများတယ်။ အဲဒီအတွက်ကို ထွက်သမျှ ပိုက်ဆံတွေအကုန်ကလည်း အဲ့ထဲမှာ ပြန်သုံးနေရတာဆိုတော့လည်း ဆိုင်ကို အများကြီး အလှမဆင်နိုင်ဘူး။” လို့ ဆိုပါတယ်။

မြန်မာစားသုံးသူတွေကို ပြင်သစ်စတိုင်ပေါင်မုန့်တွေနဲ့ ရင်းနှီးစေခဲ့သူ

မဆာရာရဲ့ ပေါင်မုန့်ဆိုင်က ပေါင်မုန့်တွေက ပြင်သစ်နိုင်ငံက နည်းပညာတွေကို အခြေပြုပြီး ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေ ဖြစ်တာကြောင့် အစပိုင်းမှာ မြန်မာစားသုံးသူတွေအတွက်တော့ သိပ်ပြီးတော့ မရင်းနှီးလှပါဘူး။ ဒါပေမယ့် တစ်ခါလောက်တော့ မြည်းစမ်းကြည့်ပြီးသွားရင် စားသုံးသူတွေက ပြန်ပြန်လာလေ့ရှိတယ်လို့ ဆိုပါတယ်။

“ ပြင်သစ်ပေါင်မုန့်ကိုလေ့လာတဲ့အခါမှာ သူတို့က အနောက်တိုင်းနိုင်ငံတွေရဲ့ ရာသီဥတုကို အခြေခံပြီးတော့ ပြင်ဆင်တယ်။ မြန်မာနိုင်ငံမှာ ပြင်တဲ့အခါမှာ ပြောင်းလဲစရာတွေများတယ်။ အပူချိန် အစိုဓာတ်တွေကတော့ အနောက်နိုင်ငံနဲ့ကွာတော့ အဲဒါတွေကို ပြုပြင်ပြောင်းလဲရတယ်။ ဒီမှာရနိုင်တဲ့ပေါင်မုန့်တွေက ပြင်သစ်မှာနေ့တိုင်စားတဲ့ပေါင်မုန့်ပုံစံမျိုးတွေရတယ်။ ထောပတ်ပေါင်မုန့်တို့  ခွဆွန်းတို့လည်း ရတယ်။ အစ်မရဲ့ ပေါင်မုန့်တွေက တကယ်တမ်းဆို မြန်မာပြည်ရောင်းတန်းဝင်ပေါင်မုန့်ထက်စာရင်ပိုပြီးများတယ်။ တစ်ချို့က ဈေးဘာလို့ကြီးလဲမေးကြတယ်။ အစမ်းစားကြည့်တယ်။ နောက်တစ်ခေါက်ပြန်လာကြတယ်။  hard bread  တွေဆို မြန်မာတွေသိပ်မကြိုက်ကြဘူး။ စားပြီးတော့မှ တစ်ဖြည်းဖြည်းချင်းကြိုက်လာကြတယ်။ အစပိုငး်မှ ည တော်တော်ရှင်းပြရတယ်။ အစ်မက ဆိုင်ကရတဲ့ ပေါင်မုန့်တွေက ပြင်သစ်မှာ တွေ့ရတဲ့ ပေါင်မုန့်ဆိုင်တွေရဲ့ အရသာအတိုင်းပဲ။ အခုနေ ပြင်သစ်မှာ သွားစားလည်း ဒီအရသာပဲဖြစ်အောင် လုပ်ထားတယ်” လို့ မဆာရာက ဆိုပါတယ်။

မဆာရာရဲ့ ပေါင်မုန့်ဆိုင်လေးကို အားပေးချင်သူတွေအတွက်

ပေါင်မုန့်ဆိုင်လေးကတော့ စမ်းချောင်းမြို့နယ်၊ သုခမိန်လမ်းအတွင်းမှာ ဖြစ်ပြီး မနက် (၉) နာရီကနေ ည (၇) နာရီအထိ ဖွင့်လှစ်ထားပြီး အပတ်စဉ် တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်။ ပြင်သစ်အရသာပေါင်မုန့်လေးတွေ မြည်းစမ်းချင်တဲ့သူတွေအတွက် မဆာရာရဲ့ ပေါင်မုန့်ဆိုင်လေးကို တစ်ခါလောက်တော့ သွားကြည့်ကြဖို့ Duwun က ညွှန်းပေးလိုက်ရခြင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က