ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဆိုင်ကလေးကတော့ ပေါင်းတည်မြို့က နှစ် ၆၀ သက်တမ်းရှိနေပြီဖြစ်တဲ့ ဦးမောင်သိန်း ဆီချက်ဆိုင်ကလေးအကြောင်းပဲဖြစ်ပါတယ်။ ဆိုင်လေးရဲ့ တည်နေရာကတော့ ပေါင်းတည်မြို့ ဈေး ၁ရပ်ကွက် ၃ လမ်း ပေါ်မှာရှိတာပါ။ အဘဦးမောင်သိန်းက ဘုရားကြီးလမ်းထိပ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး လက်ရှိ ဒီနေရာလေးမှာကတော့ သက်တမ်းအားဖြင့် ၃၀ တိုင်ခဲ့ပါပြီ။
ဆွေစဉ်မျိုးဆက်ထိန်းသိမ်းထားတဲ့ဆိုင်ကလေး
ဆိုင်တည်ထောင်သူ ဦးမောင်သိန်းမရှိတော့ပေမယ့်လည်း မျိုးရိုးစဉ်ဆက် ဆီချက်ဆိုင် ဆက်လက်ဖွင့်နေကြတာဖြစ်ပါတယ်။ လက်ရှိ ၃လမ်းပေါ်က ဆိုင်ကလေးကိုတော့ ဦးမောင်သိန်းရဲ့ သမီးကြီးက ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ပေါင်းတည်မြို့ မှတ်တိုင်လမ်း ၊ ဘုရားလေးလမ်းမှာ ဆိုင်တစ်ဆိုင် ၊ တာပွန်လမ်းကိုးလမ်းထိပ်မှာတစ်ဆိုင် ၊ အင်းမမှာလည်း တစ်ဆိုင် ဆိုင်ခွဲတွေဖွင့်လှစ်ထားတဲ့ ဦးမောင်သိန်းဆီချက်ဆိုင်ပါ။
ထူးကဲတဲ့ ဆီချက်အရသာ
တခြားဆီချက်ဆိုင်တွေနဲ့မတူ ထူးခြားတဲ့ ဆီချက်အရသာကတော့ မိဘဘိုးဘွားလက်ထက်လက်ဆင့်ကမ်းလာကြတဲ့ အရသာအစပ်အဟပ်ကြောင့် လို့ သိရပါတယ်။ ဆီချက်ထဲ ထည့်တဲ့ ငံပြာရည်ကို ကိုယ်တိုင် အရသာစပ်ထားတာက ဦးမောင်သိန်းဆီချက်ဆိုင်ရဲ့ ထူးခြားမှုတစ်ခုလို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။
ပေါင်းတည်မြို့ရဲ့ နာမည်ကျော် ဦးမောင်သိန်းဆီချက်
ဦးမောင်သိန်းဆီချက်လို့ ပြောလိုက်ရင် မသိသူခပ်ရှားရှားရယ်ပါ။ ရွာဘက်ကလူတွေ တက်လာတာမျိုး ၊ လကုန်ရက် ဘဏ်မှာ ငွေထုတ်တဲ့ ရက်မျိုးတွေဆိုရင်တော့ ဆိုင်မှာ လူစည်ကားနေလေ့ရှိတယ်လို့သိရပါတယ်။
“ဆီချက်ကိုတစ်ထောင်ပဲရောင်းတာ ကျွန်တော်တို့က ။ လူပြောများတာတော့ ကျွန်တော်တို့ ဒီလမ်းထဲမှာလည်း ဒီတစ်ဆိုင်ပဲ ရောင်းအားအကောင်းဆုံးပဲ။ သူများဆိုင်တွေလည်း ဆီချက်ရောင်းတယ် ။ ဒါပေမယ့် အဲဒီဆိုင်တွေ အစားမများဘူး။ ကျွန်တော်တို့ဆိုင်ပဲ များတယ်။ ရွာကလူတွေ ဘဏ်ထုတ်တဲ့ ရက်မျိုးတွေ၊ လစာထုတ်ရက်တွေဆို ရောင်းအားကောင်းတယ်။ တစ်သိန်း ၊ တစ်သိန်းခွဲ အဲလောက်ကတော့ ရောင်းရပါတယ်” လို့ ဦးမောင်သိန်း ဆီချက်ပိုင်ရှင် ကိုကျော်မိုးသွင်က ပြောပါတယ်။
အနုပညာရှင်များလည်း တနှစ်တခြိုက်လာရောက်စားသုံးကြ
ဦးမောင်သိန်းဆိုင်ကို အနုပညာရှင်တော်တော်များများက ဟိုးအရင်ကတည်းက တနှစ်တခြိုက်လာရောက် စားသုံးကြတယ်လို့လည်း သိရပါတယ်။
“ထွန်းအိန္ဒြာဗိုလ်တို့ ၊ တင့်တင့်ထွန်းတို့ဆို စတိတ်ရှိုးဆိုရင်း လာလာစားကြတယ်။ ရဲကိုကိုတို့ နေထက်လင်းတို့ဆို အနုပညာဘောလုံးအသင်း က ချစ်ကြည်ရေးဖိတ်ရင် ဒီကို လာလာစားကြတယ်။ ကိုချစ်မိုးတို့ ဆိုရင်လည်းပဲ မိသားစုလိုကို ဖြစ်နေတော့ အမြဲတမ်းဒီမှာပဲနေတယ်။ ဒီမှာပဲ ဆီချက်ဝင်စားတယ်။ အနုပညာသမားတွေကတော့ ပေါင်းတည်စွယ်တော်မှာ အဆိုတော်ငှားတယ်ဆိုရင်လည်းပဲ တော်တော်များများ ဒီကိုပဲ ဆီချက်လာစားကြတယ်”
ပေါင်းတည်မြို့ကို အလည်တစ်ခေါက်ရောက်ခဲ့ပြီဆိုရင်တော့ ပေါင်းတည်မြို့ နာမည်ကြီးဆီချက်ဆိုင်ကလေးဖြစ်တဲ့ ဦးမောင်သိန်းဆီချက်ဆိုင်က ဆီချက်အရသာလေးကို ဝင်ရောက်မြည်းစမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။