မနီအသုပ်ဆိုင်ဆိုရင် ပေါင်းတည်တစ်မြို့လုံးသိကြပါတယ်။

ပေါင်းတည်မြို့ရဲ့ နာမည်ကြီးဆိုင်လေးတစ်ဆိုင်ဖြစ်တဲ့ မနီအသုပ်ဆိုင်လေးဟာဆိုရင် ပေါင်းတည်မြို့သူမြို့သားတွေရဲ့ မနက်စာဆိုင်လေး၊ နေ့လယ်စာဆိုင်လေးအဖြစ် လူကြိုက်များကြပါတယ်။ ပေါင်းတည်ကို လာလည်တဲ့ ဧည့်သည်တွေကိုလည်း မနီအသုပ်ဆိုင်က လက်ရာလေးတွေနဲ့ တည်ခင်းဧည့်ခံလေ့ရှိပါတယ်။




နာမည်အကြီးဆုံးအစားအစာ 


ဒီဆိုင်လေးရဲ့ နာမည်အကြီးဆုံးအစားအစာကတော့ ထမင်းသုပ်ဖြစ်ပြီး ထမင်းချဉ်ကိုလည်း လူကြိုက်များကြပါတယ်။ ပေါင်းတည်ထမင်းသုပ်ဟာတော့ ထမင်းကို တို့ဟူး၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူး နဲ့ မုန့်ကြွပ်တွေနဲ့ ရောသုပ်ပေးထားတာဖြစ်ပါတယ်။ ထမင်းသုပ်နဲ့ ထမင်းချဉ်ကိုတော့ အင်းမဘက်က မှာထားတဲ့ အင်ဖက်လေးတွေနဲ့ ထုပ်ပိုးပြီး ထည့်ပေးတာလေးကလည်း ချစ်စဖွယ်ဓလေ့လေးတစ်ခုပါ။ ထမင်းချဉ်ရဲ့ အချဉ်ရည်ကိုလည်း ဆိုင်ရှင်မနီကိုယ်တိုင် သေချာလုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။ 




“အန်တီ့ဆိုင်လေးကတော့ ၁၇ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ဒီဆိုင်မှာ ရတာတွေက ထမင်းသုပ်၊ ထမင်းချဉ်သုပ် ၊ တို့ဟူးသုပ် ၊ အကြော်သုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ သင်္ဘောသီးသုပ်ပေါ့နော်။ အသားကြော်ကတော့ ငါးဖယ်ကြော်၊ အမဲကြော်၊ ကြက်သားလုံး၊ ထမင်းသုပ် နဲ့ ထမင်းချဉ်ကတော့ ၁၀၀၀ ပါ တို့ဟူးသုပ်က ၅၀၀ ၊ အကြော်သုပ်က ၇၀၀ ။ ထမင်းသုပ်ကော ထမင်းချဉ်ကော ကြိုက်ကြပါတယ်။ ထမင်းသုပ်ကို များသောအားဖြင့် ပိုကြိုက်ကြပါတယ်” လို့ ဆိုင်မှာရနိုင်တဲ့ အမယ်စုံတွေကို ဆိုင်ရှင်မနီက ခုလိုရှင်းပြပါတယ်။ 


ထမင်းသုပ်နဲ့ တွဲဖက်စားရတဲ့ အချဉ်တွေ 


ထမင်းသုပ်နဲ့ တွဲဖက်စားရတဲ့ အချဉ်တွေကတော့ ပဲတီချဉ်နဲ့ ဂွေးသီးချဉ်တွေဖြစ်ပါတယ်။ ခုကာလကတော့ ဂွေးသီးပေါများနေတဲ့ ကာလဖြစ်လို့ ဂွေးသီးချဉ်လေးတွေကို စားသုံးသူတွေအတွက် ပြင်ဆင်ပေးထားတာဖြစ်တယ်လို့ ဆိုင်ရှင်မနီကပြောပါတယ်။ 



ရရှိနိုင်တဲ့ အစားအစာတွေ 


မနီအသုပ်ဆိုင်မှာဆိုရင်တော့ ထမင်းသုပ်၊ ထမင်းချဉ်သုပ် ၊ တို့ဟူးသုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ အကြော်သုတ် ၊ သင်္ဘောသီးသုပ်၊ အမဲကြော်၊ ကြက်သားလုံးကြော်၊ ငါးဖယ်ကြော်တွေ ရပါတယ်။ ဈေးအကြီးဆုံးကတော့ ထမင်းသုပ်နဲ့ ထမင်းချဉ်သုပ် ၁၀၀၀ ဖြစ်ပြီး ကျန်တာတွေကတော့ တစ်ထောင်အောက်တွေနဲ့ ဈေးနှုန်းချိုသာစွာရောင်းချပေးနေတာပါ။ 


“အန်တီက အသုပ်နဲ့ နာမည်ကြီးတာပေါ့။ မနီထမင်းသုပ်ဆိုပြီး နာမည်ကြီးတဲ့အချိန်မှာ ထမင်းချဉ်လေး စမ်းရောင်းကြည့်လိုက်တာပေါ့။ အင်းမဘက်က အင်ဖတ်တွေမှာပြီးတော့ ထမင်းသုပ်တွေကို ထည့်ပေးတယ်။ ထမင်းချဉ်ကိုတော့ မန်ကျည်းသီးမှည့်လေးနဲ့ ပုဇွန်ခြောက်မှုန့်လေးနဲ့ ကြက်သွန်ကြော်လေးနဲ့ ထည့်သုပ်ပေးတာပါ”  



သက်တမ်းအားဖြင့် ၁၇ နှစ်တိုင်ခဲ့ပြီ 


မနီအသုပ်ဆိုင်လေးဟာဆိုရင် ခုဆို သက်တမ်းအားဖြင့်ဆိုရင် ၁၇ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ ပေါင်းတည်မြို့ကလေးရဲ့ အငွေ့အသက်တွေဟာ မနီအသုပ်ဆိုင်မှာ ရရှိနေတာဖြစ်လို့ မြို့လေးကို ထားရစ်ပြီး အဝေးသွားရောက်အလုပ်လုပ်ကိုင်နေရတဲ့သူတွေအဖို့ မနီအသုပ်ဆိုင်က လက်ရာလေးတွေဟာ လွမ်းတသသဖြစ်စရာအဖြစ် ရှိနေပါတယ်။ 


“ပေါင်းတည်အရှေ့လမ်းက မနီအသုပ်ဆိုင်ဆို လူတိုင်းသိပါတယ်။ တကယ်လို့ ပေါင်းတည်မြို့ရောက်ခဲ့လို့ရှိရင် မနီအသုပ်ဆိုင်ကလေးကို လာအားပေးကြပါလို့ အန်တီက ဖိတ်ခေါ်ပါတယ်” 


ပေါင်းတည်မြို့ကို အလည်တစ်ခေါက်ရောက်ခဲ့လို့ ပေါင်းတည်ထမင်းသုပ်ကို မြည်းစမ်းကြည့်တဲ့ သူတွေအတွက် ပေါင်းတည်မြို့ အရှေ့လမ်းမှာ တည်ရှိတဲ့ မနီအသုပ်ဆိုင်လေးကို သွားရောက်ကြည့်ကြဖို့ လမ်းညွှန်ပေးလိုက်ပါရစေရှင်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က