အတ္တလန်တာနဲ့ပွဲမှာ ပေါ့ဘာ ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခံရတဲ့အပေါ် ပီတာခရော့ချ်နဲ့ ပေါလ်စခိုးလ်တို့က သုံးသပ်ခဲ့တာပါ။

မနေ့ညက အတ္တလန်တာကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအတွက် ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ကွင်းလယ်ကစားသမား ပေါ့ဘာတစ်ယောက် မပါဝင်လာခဲ့ပါဘူး။



ဆိုးလ်ရှားဟာ ဝေဖန်ခံနေရတဲ့ သူ့ရဲ့ ၄-၂-၃-၁ ကစားကွက်ကိုသာ ပုံဖော်လာခဲ့သလို ပေါ့ဘာ၊ ဆန်ချိုတို့ကို အရံခုံမှာ ထားခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ်၊ တွမ်မီနေးတို့ကို ပွဲထုတ်လာခဲ့တာပါ။ ဆိုးလ်ရှားအနေနဲ့ အနိုင်ဂိုးလိုအပ်နေတဲ့ ဒုတိယပိုင်း (၆၅) မိနစ်ရောက်မှသာ တွမ်မီနေးကို ထုတ်ပြီး ပေါ့ဘာကို လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

ဒီအပေါ်မှာတော့ လီဗာပူးကစားသမားဟောင်း ပီတာခရော့ချ်နဲ့ ယူနိုက်တက်ဂန္တဝင်ဟောင်း ပေါလ်စခိုးလ်တို့က ဆိုးလ်ရှားရဲ့ လုပ်ရပ်အပေါ် မေးခွန်းထုတ်နေကြပါတယ်။ ပီတာခရော့ချ်က “နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာအပေါ် အယုံအကြည်မရှိတော့ဘူးဆိုတာ သိသာထင်ရှားနေပါပြီ”

“ကျွန်တော့်အထင် ပေါ့ဘာအနေနဲ့ လီဗာပူးနဲ့ပွဲမှာတော့ ပါဝင်ကစားခွင့်ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးက တန်ပြန်တိုက်စစ်ကစားတဲ့နေရာမှာ ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လို့ပါ။ ဆိုးလ်ရှားအနေနဲ့ ဖရက်ဒ်နဲ့ တွမ်မီနေးကို အခုလို ပွဲထုတ်ခဲ့တာက ပေါ့ဘာကို မယုံကြည်တော့လို့ပါပဲ။ ဘာလို့လဲဆိုတော့ ဆိုးလ်ရှားအတွက် ဖရက်ဒ်နဲ့တွမ်မီနေးအတွဲက ယုံကြည်နေရလို့ဖြစ်ပြီး စည်းကမ်းပိုင်းလည်း ကောင်းမွန်လို့ပါ” လို့ သုံးသပ်ခဲ့ပါတယ်။

ပီတာခရော့ချ်ရဲ့ ဒီသုံးသပ်ချက်အပေါ် ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်ကလည်း ထောက်ခံခဲ့ပြီး “ပီတာ (ခရော့ချ်) က ခေါင်းထဲ သံမှိုရိုက်သွင်းလိုက်တာပဲ။ ဆိုးလ်ရှားက ပေါ့ဘာကို ယုံနိုင်သေးတယ်လို့ ကျွန်တော်လည်း မထင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာနဲ့ ယူနိုက်တက်တို့အကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး ယူနိုက်တက်အနေနဲ့ ဒီပြင်သစ်ကွင်းလယ်လူကို စာချုပ်သစ်ချုပ်ဆိုဖို့ အပူတပြင်း ကြိုးစားရမှာပါ။ ပေါ့ဘာဘက်ကလည်း စာချုပ်သစ်နဲ့ ပတ်သက်လို့ မတင်မကျပြောဆိုထားပြီး တကယ်လို့များ လာမယ့်အပြောင်းအရွှေ့တွေမှာ အသင်းပြောင်းသွားခဲ့ရင်တောင် အံ့အားသင့်စရာမရှိပါဘူး။ 

Share

က္က