အိုလ်မီတာနဲ့တွေ့ဆုံချိန်မှာ ဖာဂူဆန်က ပေါ့ဘာအကြောင်းပြောကြားခဲ့တာပါ။

ယူနိုက်တက်ရဲ့ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်က ပေါ့ဘာနဲ့ပတ်သက်လို့ ဘယ်တော့မှ ထိပ်တန်းကစားသမားဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးတဲ့အကြောင်း လိုင်ယွန်ကြယ်ပွင့်ဟောင်း အိုလ်မီတာက ဖွင့်ဟလာပါတယ်။ အိုလ်မီတာဟာ ပြင်သစ်ကလပ် လိုင်ယွန်၊ မာဆေးလ်တို့မှာ ကစားခဲ့ဖူးတဲ့ ဂိုးသမားဟောင်းပါ။



အိုလ်မီတာအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၀) မှာ ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို အလည်အပတ်လာရောက်ခဲ့ဖူးပြီး အဲ့ဒီအချိန်မှာ ဖာဂူဆန်နဲ့အတူ ပေါ့ဘာရဲ့အကြောင်းကို ပြောဆိုဖြစ်ခဲ့တာပါ။ ဖာဂူဆန်ဟာ ပေါ့ဘာနဲ့ပတ်သက်လို့ အေးဂျင့်ရွိုင်အိုလာအပေါ် အမြင်မကြည်ဖြစ်ခဲ့ပြီး သူ့လက်ထက်မှာပဲ ပေါ့ဘာကို ဂျူဗင်တပ်စ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံခဲ့ပါတယ်။

ရွိုင်အိုလာနဲ့ပတ်သက်လို့လည်း “ဘောလုံးလောကမှာ ကျွန်တော်မကြိုက်တဲ့ အေးဂျင့် (၁) ယောက် ဒါမှမဟုတ် (၂) ယောက်လောက်ရှိပါတယ်။ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်အိုလာကလည်း တစ်ယောက်အပါအဝင်ပါ။ သူ့ကို ပထမဆုံးစတွေ့တည်းက အယုံအကြည်မရှိခဲ့တာပါ” လို့လည်း ဖာဂူဆန်က သူ့ရဲ့ အထ္ထုပတ္တိမှာ ရေးသားခဲ့ဖူးပါတယ်။

ပေါ့ဘာဟာ လက်ရှိယူနိုက်တက်မှာလည်း စာချုပ်သစ်ဆက်ချုပ်ဖို့ အဆင်မပြေဖြစ်နေပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းက ထွက်ခွာဖွယ်ရှိနေတာပါ။ ဒီအချိန်မှာပဲ အိုလ်မီတာက “ဖာဂူဆန်ရဲ့ဖိတ်ကြားမှုနဲ့ ကျွန်တော် ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို လာရောက်ဖူးပြီး သူနဲ့အတူလည်း နေ့လယ်စာစားခဲ့ဖူးပါတယ်”

“အဲ့ဒီတုန်းက ကျွန်တော်တို့ ပေါ့ဘာအကြောင်းပြောဖြစ်ခဲ့ပြီး ပေါ့ဘာအဲ့ဒီတုန်းက (၁၇) နှစ်သားပဲရှိပါသေးတယ်။ ဖာဂူဆန်က ကျွန်တော့်ကို ‘ခင်ဗျား သူ့ကိုမြင်လား၊ သူက အရည်အချင်းပြည့်ဝပြီး ထူးခြားကောင်းမွန်တဲ့ ကစားသမားပါ။ ထိပ်တန်းအဆင့်ကိုလည်း ရောက်လာပါလိမ့်မယ်’ တဲ့”

“ဒါပေမယ့် ဖာဂူဆန်က ဆက်ပြောပါတယ်။ ‘ပေါ့ဘာက စိတ်ကူးယဥ်သမားဖြစ်နေတယ်၊ သူ့ကို ကောင်းကောင်းလမ်းပြမယ့်သူမရှိရင်တော့ ဘယ်တော့မှ ထိပ်တန်းကစားသမားဖြစ်လာမှာမဟုတ်ဘူး’ လို့လည်း သူပြောခဲ့သေးတာပါ” လို့ ဖွင့်ဟပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က