ပေါ့ဘာဟာ ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးပွဲကို ကစားပေးခဲ့ပြီလို့ သတင်းတွေက ကျယ်ကျယ်လောင်လောင် ဖော်ပြလာခဲ့ပါတယ်။ တနင်္လာက ပြုလုပ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ပေါ့ဘာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် (၈) ပတ်ကနေ (၁၀) ပတ်အထိ အနားယူရတော့မှာပါ။
အဲ့ဒါကြောင့် ပေါ့ဘာအနေနဲ့ ယူနိုက်တက်ရဲ့ (၂၀၂၁) အတွက် လက်ကျန်ပွဲတွေကို သေချာပေါက် လွဲချော်ရတော့မှာဖြစ်ပြီး နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် ပေါ့ဘာကို အသင်းမှာပြန်လည်အသုံးပြုဖို့ စိတ်ကူးမရှိတော့ဘူးလို့လည်း သိရပါတယ်။
ပေါ့ဘာနဲ့ယူနိုက်တက်အကြား စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိလည်း စာချုပ်သစ်မချုပ်ရသေးပါဘူး။ အဲ့ဒါကြောင့် ပေါ့ဘာအနေနဲ့ လာမယ့် ဆောင်းရာသီမှာတင် အခြားသောအသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူထားနိုင်မှာပါ။
ပေါ့ဘာသာ အမှန်တကယ် ဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်က လက်ကျန် စာချုပ်သက်တမ်းကာလမှာ ပေါ့ဘာကို ပွဲကစားခွင့်ပေးသွားမှာ မဟုတ်တော့ဘူးလို့ သတင်းတွေက ဖော်ပြနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိဘောလုံးရာသီစစချင်းကာလတွေမှာ ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ အပူတပြင်းကြိုးစားခဲ့ပြီး ပေါ့ဘာကလည်း စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့ နီးစပ်ခဲ့သေးတာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ ရလဒ်ဆိုးတွေနဲ့အတူ ပေါ့ဘာဘက်က တဖြည်းဖြည်း စိတ်ပြောင်းလာဟန်ရှိပြီး အေးဂျင့်ရွိုင်အိုလာရဲ့ အနှောင့်အသွားမလွတ်တဲ့ စကားတွေကြောင့်လည်း ပေါ့ဘာနဲ့ ယူနိုက်တက်လမ်းခွဲကို လာမယ့်နွေရာသီမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ လူစားဝင်ပြီး (၁၅) မိနစ်အကြာမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အတ္တလန်တာနဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာလည်း ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။