ပေါ့တားကို နည်းပြရာထူးအတွက် ဆက်လက်ထောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေအားလုံးဟာ အသင်းရဲ့ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပေမယ့်လည်း နည်းပြရာထူးအတွက် ဖိအားတွေ ဝင်နေတဲ့ ဂရေဟမ် ပေါ့တားကို အားပေးထောက်ခံဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ ချဲလ်ဆီးအသင်းက တူဟယ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဘရိုက်တန်နည်းပြဟောင်း ပေါ့တားကို နည်းပြသစ်အဖြစ် ၅ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ပေါ့တားဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂၆ ပွဲ ကိုင်တွယ်ခဲ့ရာမှာ နိုင်ပွဲ ၉ ပွဲ ၇ ပွဲသရေ ၁၀ ပွဲရှုံးရလဒ် ရရှိခဲ့ပြီး လက်ရှိမှာ ရမှတ် ၃၁ မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအလယ် အဆင့် ၁၀ နေရာမှာ စိတ်ပျက်ဖွယ်ရပ်တည်နေရတာဖြစ်ပါတယ်။

The Telegraph သတင်းထောက် မတ် လောရဲ့ ပြောကြားချက်အရ ချဲလ်ဆီးဘုတ်အဖွဲ့ဟာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ပုံမှန်အောက်ကို ကျဆင်းနေပေမယ့်လည်း ပေါ့တားကို နည်းပြရာထူးအတွက် ဆက်လက်ထောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် နည်းပြအနေနဲ့ ပရိသတ်တွေ စိတ်ကျေနပ်အောင် ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေကို လျင်လျင်မြန်မြန် အပြောင်းအလဲဖြစ်အောင် လုပ်ဖို့အတွက် ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတို့ကနေ ထွက်ခဲ့ရပြီးဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒေါ့မွန်ကို ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ ပြီးခဲ့တဲ့နွေရာသီမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို စတင်ရောက်ရှိလာပြီးကတည်းက အပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ ကြောက်မက်ဖွယ် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ပေါ့တားရဲ့အသင်းဟာ အဆင့် ၄ နေရာက နယူးကာဆယ်လ်နဲ့ ၁၀ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က