ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ဘန်လေနဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲကိုတော့ တရားဝင်ခြေစမ်းပွဲအဖြစ် ကစားခဲ့တာမျိုး မဟုတ်ဘဲ ကွင်းပိတ်ပွဲအဖြစ်သာ ကစားခဲ့ပြီး ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာထပ်ဖြစ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ စပါးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ယူနိုက်တက်တို့ အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း အခု ခြေစမ်းပွဲမှာ ဒါမျိုး ထပ်မံရှုံးနိမ့်ခဲ့တာက တန်ဟက်ခ်နဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် ပိုမိုဖိအားများသွားစေခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ဘက်က ဂျွန်နီအီဗန်စ်၊ ဟာနီဘယ်လ်၊ အယ်လ်ဗာရိုဖာနန်ဒက်ဇ်၊ တွမ်မီနေး၊ မာရှယ်လ်၊ ဗန်ဒီဘိခ်နဲ့ ပယ်လီစထရီတို့ ပွဲထွက်ခဲ့ကြပါတယ်။ ဒီကစားသမားတွေထဲက ငါးယောက်လောက်က လက်ရှိနွေရာသီမှာ အသင်းကနေ ထွက်ခွာကြဖို့ရှိနေတဲ့ ကစားသမားတွေဖြစ်ပြီး အရောင်းစာရင်းတင်ခံထားရတဲ့ ကစားသမားတွေပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်ကလည်း အဲဗာတန်နဲ့ အခုလိုပဲ လေ့ကျင့်ရေးကွင်းမှာ တံခါးပိတ်ခြေစမ်းပွဲအဖြစ် ကစားခဲ့သေးပြီး အဲ့ဒီပွဲမှာလည်း ရှုံးနိမ့်ခဲ့ကြောင်း သိရှိရပါတယ်။ တန်ဟက်ခ်ဟာ ကစားသမားတွေရဲ့ ရာသီအစောပိုင်း ကြံ့ခိုင်မှုအခြေအနေအတွက် အခုလိုမျိုး တံခါးပိတ်ခြေစမ်းပွဲတွေကို ကစားစေတာပါ။
ဒီရာသီ ယူနိုက်တက်တို့ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲမှာဆိုရင်လည်း ပုံစံကောင်းပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ ဝုလ်ဗ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့သလို စပါးကို ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာပါ ပြဿနာရှိနေကြောင်း ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။