ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အိုက်စလန်နဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ နိုင်ငံတကာ ကစားသမားဘဝ ပွဲပေါင်း (၂၀၀) ပြည့်ကို ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် အနိုင်ဂိုးရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းအတွက်လည်း ရော်နယ်ဒိုက နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့အနိုင်ဂိုးကြောင့်လည်း ပေါ်တူဂီတို့ လက်ရှိ ယူရိုခြေစစ်ပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိမှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကူဝိတ်ကစားသမား မူတဝါ တင်ရှိထားတဲ့ နိုင်ငံတကာပွဲ အများဆုံး ကစားသမားဆိုတဲ့ စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။
မူတဝါဟာ ကူဝိတ်အတွက် ပွဲပေါင်း (၁၉၆) ပွဲ ကစားကာ ဒီစံချိန်ကို တင်ရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက လစ်ချင်စတိန်းနဲ့ ကစားခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရော်နယ်ဒိုက ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်တဲ့အပြင် အမှတ်တရ ပွဲပေါင်း (၂၀၀) ပြည့်မှာလည်း အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် (၈၉) မိနစ်မှ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုတစ်ယောက် ဒီဂိုးအတွက် ချက်ချင်း အောင်ပွဲမခံနိုင်ခဲ့ဘဲ ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် VAR ရဲ့ အဆုံးအဖြတ်ကို (၂) မိနစ် ဝန်းကျင်လောက် စောင့်ဆိုင်းခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ VAR က ရော်နယ်ဒို လူမကျွံကြောင်း အချက်ပြခဲ့တာကြောင့် ပေါ်တူဂီတို့ အနိုင်ဂိုးရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက်တော့ ဒီပွဲက သွင်းဂိုးက သူ့အတွက် နိုင်ငံတကာ ကစားသမားဘဝ (၁၂၃) ဂိုးမြောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာပွဲတွေမှာ သွင်းဂိုးအများဆုံး စံချိန်ကို ထပ်မံတင်ရှိနိုင်ခဲ့ပါတယ်။ ပေါ်တူဂီကလည်း အခုနိုင်ပွဲကြောင့် ယူရိုခြေစစ်ပွဲ အုပ်စုအဆင့်မှာ ရမှတ် (၁၂) မှတ်နဲ့ ဒုတိယနေရာက ဆလိုဗက်ကီးယားထက် (၂) မှတ်အသာရရှိကာ အုပ်စုကို ဦးဆောင်ထားပါတယ်။